
MT News
၁၂. ၆. ၂၀၂၅
ရခိုင်မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ရခိုင်ပြည်နယ်သို့တင်ပို့မည့် တန်ဖိုးငွေကျပ် ၈ ဒသမ ၁၈ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၇ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန် ပြည်-အောင်လံသွားကားလမ်းရှိ တိုးဂိတ်အနီး၌ မူးယစ်ဆေးဝါးများ အရောင်းအဝယ် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရစောင့်ဆိုင်းနေစဉ် အောင်ဇော်ဦးမောင်းနှင်သည့် TOYOTA PRADO မော်တော်ယာဉ်ပေါ်မှ ဘိုဘိုအောင် မောင်းနှင်ပြီး ဇင်သူအောင်၊ အောင်ပြည့်ဖြိုး တို့လိုက်ပါလာသည့် I-ZONE မော်တော်ယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်နေစဉ် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းတို့ ၄ ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းပြားအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိတရားခံများကို စစ်ဆေးဖော်ထုတ်ချက်များအရ အောင်ဇော်ဦး ငှားရမ်းနေထိုင်သည့် ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆွေးနွေးဘုရားလမ်းရှိနေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ ကျော်ဇင် နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ ဒသမ ၈၈၅ သိန်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ သိန်းဌေး နှင့် ၎င်း၏ဇနီး မနန်းခမ်းဖိန် တို့အား ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာတွင် TOYOTA LANDCRUISER မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ ၇ ရက်နေ့နံနက် ၉ နာရီအချိန်တွင် စိုင်းဗညားမြင့်အောင်(ခ)ပီးပီး(ခ)စစ်ကား နှင့် မင်းလွင်ဦး တို့ ၂ ဦးအား မင်္ဂလာဒုံမြို့နယ်၊ စွယ်တော်စီးတီးအိမ်ရာရှိကားပါကင်တွင် HYUNDAI GRAND STAREX မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေ ၈ ဒသမ ၁၈ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၇ ဒသမ ၈၈၅ သိန်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းမိတရားခံများကို ဆက်လက် စစ်ဆေးဖော်ထုတ်ချက်များအရ ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ရောင်းချသူမှာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းနေ ထွန်းစီ နှင့်ဇနီး မနန်းရွှေရင်(ခ)နန်းမိုင်းခမ်း(ခ)နန်းခမ်းကြာ တို့ဖြစ်ပြီး ၎င်းတို့၏အစီအမံဖြင့် ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းမှ ပြည်မြို့သို့ သယ်ဆောင်ကာ ပြည်မြို့တွင် သိန်းဌေး နှင့် အောင်ဇော်ဦး တို့မှ နေအိမ်ငှားရမ်းသိုလှောင်ထားရှိ၍ ရခိုင်ပြည်နယ်သို့ တစ်ဆင့်ပြန်လည်တင်ပို့ ပေးခြင်းဖြစ်ကြောင်း၊ အလားတူ မန္တလေးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်ရောင်းဝယ်သူမှာ ထင်ထင်ကျော်(ခ)ရခိုင်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
