
၁၁. ၆. ၂၀၂၅
Written by Thiri
ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်ဆိုင်ချောင်းရဲ့ရေစီး၊ ရေလာ အဟန့်အတားဖြစ်စေမယ့်အဆောက်အဦတွေကို ပိုင်ရှင်တွေရဲ့သဘောတူညီမှုနဲ့ ထိုင်းနိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီနေ့ ဇွန်လ ၁၁ ရက်နေ့မှာ စတင်ဖြိုချ ရှင်းလင်းနေတယ်လို့ တာချီလိတ်ဒေသခံတစ်ဦးထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း တာချီလိတ်မြို့ ရေကြီးရေလျှံမှုဖြစ်စဉ်တွေကို အလျင်အမြန်ကုစားနိုင်ဖို့အတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေက မယ်ဆိုင်ချောင်းကို ကွင်းဆင်းစစ်ဆေးရာ တာချီလိတ်-မယ်ဆိုင် ဒေသခံပြည်သူအချို့က မယ်ဆိုင်ချောင်းကို မြေဖို့ကာ အဆောက်အဦတွေတည်ဆောက်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ရပြီး နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းကို ပြန်လည်သတ်မှတ်ခဲ့ကြပြီးတဲ့နောက် ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်ကို ကျူးကျော်ဆောက်လုပ်ထားတဲ့ သူတို့ ပြည်သူတွေကို နေရာပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး ဒီနေ့မှာတော့ စတင် ဖြိုဖျက်ရှင်းလင်းမှုတွေ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

နှစ်စဉ် နှစ်တိုင်း မယ်ဆိုင်ချောင်းရေကြီးရေလျံမှုကို နှစ်ဖက်နိုင်ငံ ချောင်းဘေးတစ်လျှောက် နေထိုင်သူတွေ လနဲ့ ချီ ခံစားရအပြီးမှာ နှစ်နိုင်ငံညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး မြန်မာဘက်အခြမ်းက မယ်ဆိုင်ချောင်းအပါအဝင် တာချီလိတ်မြို့ဘက်က ရပ်ကွက်တွေအတွင်း ပတ်ကာစီးဆင်းနေတဲ့ ချောင်း၊ မြောင်းကျယ်တွေကို စနစ်တကျ ရှင်းလင်းမှုတွေကို မနှစ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
မယ်ဆိုင်-မယ်ဟောက်ချောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံဘက်ကို ကျူးကျော်ဆောက်လုပ်ထားတဲ့ RC (၁)ထပ်၊ (၂) ထပ်အဆောက်အအုံ၊ သစ်သားအိမ်၊ ဂိုဒေါင်ပေါင်း(၈)ခု၊ အဆောက်အအုံနောက်ဘက်ပိုင်း(၅) ခု၊ အုတ်တံတိုင်းနဲ့ အုတ်နံရံ(၁၆)ခု၊ အိမ်သာ၊ ရေတင်စင်၊ ဆီသိုလှောင်ကန်ပေါင်း(၄)ခု (စုစုပေါင်း ၃၃ ခု)ရှိကာ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ကျူးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အအုံ(၄၅)ခုရှိကြောင်းလည်း သိရပါတယ်။

တာချီလိတ်မြို့မှာ ရပ်ကွက်ကြီး (၁၁) ရပ်ကွက်ရှိပြီး ချောင်းရေတက်လာပါက (၇) ရပ်ကွက်လောက်က ရေမြုပ်ကြောင်း၊ ရေဝင်တဲ့ ရပ်ကွက်တွေက တာလော့၊ မကာအိုခမ်း၊ ဆန်ဆိုင် (က)၊ မယ်ဆိုင်၊ ပုံးထွန် စတဲ့ လေးရပ်ကွက်က အနိမ့်ပိုင်းဖြစ်နေပြီး ချောင်းဘေးတစ်လျှောက်ရပ်ကွက်တွေလို့ သိရပါတယ်။
