
၁၁.၆.၂၀၂၅.
Translated by Htwe Ko Tun
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အလွတ် သဘောအစည်းအဝေးတစ်ရပ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဆန်လီ(Sun Lei) က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံရေးအရပါ ရောယှက်၍ ဝင်ရောက်စွက်ဖက်ခြင်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လက်မခံ၊ ဆန့်ကျင်ကြောင်း ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
အစည်းအဝေးကို အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၇၉/၁၈၂ အရ ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ကိုယ်စားလှယ်က “တရုတ်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေမှာ နိုင်ငံရေးအရပါ ရောယှက်လာမှုနဲ့ ဒီကိစ္စတွေကို လက်နက်ကိရိယာတွေအဖြစ် အသုံးချလာကြတာကို လုံးဝဆန့်ကျင်တယ်။ ဒီလိုကိစ္စရပ်တွေမှာ လူထုဖိအားသုံးဖို့ ကြိုးပမ်းအားထုတ်တဲ့အလေ့အထကိုလည်း လက်မခံဘူး” လို့ ပြောကြားရင်း အစည်းအဝေးသဘောတူညီမှုကို ပတ်သက်ထောက်ခံမှုမရှိဘဲ နေခဲ့ပါတယ်။
မစ္စတာဆန်လီက ချစ်ကြည်ရင်းနှီးသော အိမ်နီး ချင်းအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက ၎င်း၏ အမျိုးသားအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းဆောင်ရွက်ရာတွင် ပံ့ပိုးကူညီပေးပြီး၊ မြန်မာနိုင်ငံ၏ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်များတိုးတက်လာချိန်မှာ ၎င်း၏ အချုပ်အခြာ အာဏာ၊ လွတ်လပ်ရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်အမျိုးသားတည်ငြိမ်အေးချမ်းမှု တို့ကို ကာကွယ်စောင့်ရှောက်ပေးနေကြောင်း ပြောခဲ့သည်။
တရုတ်နိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က အဓိကလမ်းကြောင်းမှနေ၍ ၎င်း၏ ကဏ္ဍအတွက် ပါဝင်ဆောင်ရွက်နေမှုကို ထောက်ခံပြီး အာဆီယံ၏ အဆိုပြုချက်နှင့် မြန်မာနိုင်ငံ လမ်းပြမြေပုံသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အားဖြည့်ပြီး ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆန်လီက ပြောခဲ့သည်။
ဆက်လက်၍ ၎င်းက တင်းမာမှုများ ပြင်းထန်လာစေရန် သို့မဟုတ် အခြေအနေကို ပိုမိုရှုပ်ထွေးစေရန်လုပ်ဆောင်မည့်အစား နိုင်ငံတကာအသိုက်အဝန်းက ကွဲပြားမှုများကို ပေါင်းကူးကာ ပြဿနာများ ဖြေရှင်းရေးအတွက် အာရုံစိုက်သင့်ကြောင်း ပြောကြားသွားခဲ့သည်။
ထိုပြင် ဆန်လီက လက်ရှိ မြန်မာနိုင်ငံတွင် တိုက်ပွဲများ ရပ်တန့်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မြှင့်တင်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး အပြုသဘောဆောင်သော ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက “မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရရှိအောင် ကူညီပေးရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းကလည်း တူညီတဲ့ ဦးတည်ချက်နဲ့ လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ပြောခဲ့ကြောင်း သိရသည်။
ဆန်လီက နောက်ဆုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ ဒုက္ခသည်များ ပြန်လာရေးကို နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများ၊ အကြံပြုပြောကြားချက်များဖြင့်ဖြေရှင်းရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကိစ္စရပ်တွင် သံတမန်ရေးရာ ကြိုးပမ်းဆောင်ရွက်မှုများတွင် ကာလရှည်ကြာ ပါဝင်လုပ်ဆောင်ခဲ့ပြီး နှစ်ဖက်စလုံးအား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အများအပြား ပေးအပ်ခဲ့ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ဆက်သွယ်မှုခိုင်မာလာစေရန်နှင့် ဆုံးဖြတ်ချက်ချထားမှု အားကောင်းလာစေရန် ကူညီပံ့ပိုးပေးသင့်ပြီး နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်အတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသင့်သည်ဟု နောက်ဆုံး ပြောကြားခဲ့သည်။
Ref- Xinhua
