
◾ လော့စ်အိန်ဂျယ်လ်မြို့တွင် ဆန္ဒပြမှုတွေကိုထိန်းချုပ်နိုင်ဖို့ မရိန်းတပ်သား ၇၀၀ ထပ်မံချထားမည်ဟု ကာကွယ်ရေးဝန်ကြီး ပိသ်ဟက်ဆက် ပြောကြား
၁၀.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လ်မြို့မှာ ဇွန်လ ၆ ရက်က စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့ သမ္မတ ထရန့်က အမျိုးသားအစောင့်တပ်ဖွဲ့ ဝင် ၂,၀၀၀ ကို မြို့တွင်းမှာတပ်ချထားခဲ့မှုကို မကျေနပ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နျူဆမ်က တယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ်ရောဘ်ဘွန်တာနဲ့အတူ သမ္မတထရန့်နဲ့ ကာကွယ်ရေးဝန်ကြီး ဟက်ဆက်တို့အပေါ် ဇွန်လ ၉ ရက်က အမှုဖွင့် တရားစွဲခဲ့ပါတယ်။
သူတို့က သမ္မတအနေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်မရယူဘဲ ခုလို အမျိုးသားအစောင့် တပ်ဖွဲ့ဝင်တွေချထားမှုက ဥပဒေကို ချိုးဖောက်တာလို့ ဆိုခဲ့ကြတာပါ။ ဒါ့ပြင် နျုဆမ်က သမ္မတရဲ့ အမိန့်ဟာ ဥပဒေနဲ့ အကျုံးမဝင်ဘူးလို့ ကြေညာပေးဖို့လည်း တရားရုံးကို တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆက်လက်ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကို ထိန်းချုပ်နိုင်ဖို့ မရိန်းတပ်သား ၇၀၀ ကို လော့စ်အိန်ဂျယ်လ်မြို့အတွင်း ထပ်မံပြီးတပ်ဖြန့်ချထားမယ်လို့တောင် ကာကွယ်ရေးဝန်ကြီး ပိသ်ဟက်ဆက်က ဇွန်လ ၉ ရက်မှာ ပြောကြားလာခဲ့တာပါ။
အမေရိကန်တရားရေးဌာနရဲ့ အနောက်တောင်နယ်စပ်အတွက် ရှေ့နေနဲ့ အထူးကိုယ်စားလှယ် တွမ်ဟိုမန်ကတော့ ပြည်နယ်အုပ်ချုပ်ရေးမှူး နျူဆမ်နဲ့ လော့စ်အိန်ဂျယ်လ် မြို့တော်ဝန် ကာရင်ဘာစ့်တို့ဟာဆန္ဒပြမှုကို ထိန်းချုပ်ဖို့ တပ်ချတာတွေကို နှောင့်နှေးကြန့်ကြာအောင် ဆက်လက်ဟန့်တားနေရင် ဖမ်းဆီးရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ နျူဆမ်ကလည်း “တွမ်၊ လာဖမ်းရဲရင် ဖမ်းလေကွာ” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။ သမ္မတထရန့်ကတော့ တွမ်ရဲ့ ခြိမ်းခြောက်မှုကို ထောက်ခံခဲ့ပြီး နျူဆမ်က သမ္မတအနေနဲ့ အာဏာရှင်စနစ်ကျင့်သုံးမှုကို ဦးတည်နေတာ ထင်ရှားပေါ်လွင်လှတယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့ပြင် ထရန့်ဟာ အမေရိကန်နိုင်ငံရဲ့လမ်းတွေပေါ်မှာ ပြည်တွင်းစစ်ကိုဖန်တီးနေတယ်လို့ သူက ဆိုခဲ့ပါသေးတယ်။
လော့စ်အိန်ဂျယ်လ်မြို့မှာ ဇွန်လ ၆ ရက်က အမေရိကန်နိုင်ငံတွင်း တရားမဝင်နေထိုင်သူတွေ၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူတွေကို ပြန်ပို့ဖို့လူဝင်မှုကြီးကြပ်ရေးဌာနက မြို့ထဲမှာအများအပြား စီးနင်းဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာက စတင်ခဲ့တဲ့ ဆန္ဒပြဆူပူမှုတွေက ဇွန်လ ၉ ရက်ထိ စတုတ္ထမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေကြဆဲပါ။
ထပ်မံချထားမယ့်မရိန်းတပ်ဖွဲ့ဝင်တွေက လော့စ်အိန်ဂျယ်လ်မြို့လယ်က အရှေ့ဘက် မိုင် ၁၄၀ လောက်အကွာမှာရှိတဲ့ Twentynines Palms မရိန်းတပ်စခန်းကဖြစ်ပြီး သူတို့က မြို့အတွင်းတပ်ချထားပြီဖြစ်တဲ့အမျိုးသား အစောင့်တပ်ဖွဲ့ဝင် အကြမ်းအားဖြင့် ၃၀၀ ခန့်ကို ဆန္ဒပြမှုတွေကိုထိန်းချုပ်ဖို့ ကူညီသွားမယ်လို့ဆိုပါတယ်။
ပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နျူဆမ် ကတော့ လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတွေရဲ့ ဖမ်းဆီးမှုတွေကို စိတ်ထင်တိုင်းစိုင်းတဲ့ ဖမ်းဆီးမှုတွေအဖြစ်ဝေဖန်ခဲ့တာပါ။ ဒီနောက်မှာတော့ သမ္မတထရန့် နဲ့ ဒီမိုကရက်ပါတီဝင် အုပ်ချုပ်ရေးမှူး ဂါဗင် နျူဆမ်တို့အကြား ပဋိပက္ခအခြေအနေက အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ကို လော့စ်အိန်ဂျယ်လ်မြို့အတွင်း တပ်ဖြန့်ချထားအပြီး ပိုလို့မြင့်တက်လာခဲ့တာပါ။
Ref- NBC News