
၁၀. ၆. ၂၀၂၅
Written by Tha Doe
ပြီးခဲ့တဲ့ UFC 316 မှာ ဖလိုင်းဝိတ်တန်း အဆင့် ၁၂ က ဘရူနိုဒါဆေးလ်ဗားကို အလဲထိုး အနိုင်ယူခဲ့တဲ့ Joshua Van ဟာ ပွဲထိုးပြီးလို့ ၂ ရက်အတွင်း နောက်ထပ် ပွဲရခဲ့သလို ဒီတစ်ခါထိုးရမယ့်ပြိုင်ဘက်က ထိုးဖူးသမျှထဲ အခက်ခဲဆုံး ဖြစ်လာတော့မှာပါ။
UFC ဟာ သူ့ရဲ့ UFC 317 ကို Las Vegas မှာ ဇွန်လ ၂၈ ရက်မှာ ထိုးသတ်ဖို့ စီစဥ်ထားတာဖြစ်ပြီး Van ဝင်ထိုးရမှာက အဲဒီပွဲမှာဖြစ်ဖို့များလို့ Van အဖို့ ပထမပွဲနဲ့ ၂၁ ရက်ပဲ ကွာပြီး ပြင်ဆင်ဖို့ ၁၈ ရက်ပဲ အချိန်ရတဲ့ Short Notice နဲ့ ဝင်ထိုးရမယ့် ပွဲပါ။

Short Notice နဲ့ Van က အသားကျနေပြီး ရှေ့က Short Notice နှစ်ပွဲမှာ နှစ်ပွဲစလုံး အနိုင်ရထားပေမဲ့ ဒီတစ်ခါ Short Notice က အလွန် ခက်ခဲမှာဖြစ်ပြီး ရင်ဆိုင်ရမယ့်သူက UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိအဆင့် (၁) Brandon Royval ဖြစ်နေမှာကြောင့်ပါ။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က ဘရူနိုဒါဆေးဗားလ်ကို အနိုင်ရအပြီးမှာ Van က အဆင့် (၂) က Moreno ကို စိန်ခေါ်ခဲ့တယ်ဆိုပေမဲ့ အဲဒီပွဲက အချိန်ခြောက်လလောက် ပြင်ဆင်ချိန်ရပါတယ်။
အခု Van တွေ့ခွင့်ရတဲ့ Royval က Moreno ထက် အဆင့်မြင့်သလို ပြင်ဆင်ဖို့ အချိန်ကလည်း ၁၈ ရက်ပဲ ကျန်ပါတယ်။ ပိုဆိုးတာက Royval ဟာ ချန်ပီယံစိန်ခေါ်ခွင့်နဲ့အနီးဆုံးဖြစ်သလို ၁၇ ပွဲနိုင် ၇ ပွဲရှုံးမှတ်တမ်းနဲ့ Van ထက် အရပ် ၄ လက်မမြင့်၊ လက်သီး Reached က ၃ လက်မသာပြီး အသက်ကလည်း အရွယ်ကောင်း ၃၂ နှစ်သားပါ။ သူရှုံးထားတာကလည်း ဒီ ငါးနှစ်အတွင်းမှာ Moreno နဲ့ လက်ရှိ ချန်ပီယံ Pantoja ကိုသာဖြစ်ပြီး ကျန်တဲ့ပွဲအကုန် နိုင်ထားပါသေးတယ်။

Royval နဲ့ Van ပွဲကို UFC ဘက်က တရားဝင်မကြေညာသေးပေမဲ့ Royval ကလည်း သူနဲ့တည်ပေးထားတဲ့ အဆင့် ၆ က Manel Kape က နုတ်ထွက်သွားလို့ Van နဲ့ တွေ့မယ်လို့ Combat Sports Today မှာ ထုတ်ပြောထားသလို Van ကလည်း “Fight news coming 😎😎👊” လို့ ကြေညာထားပါသေးတယ်။
ပထမပွဲနဲ့ ရက်ကပ်လို့ ပွဲပန်းတာ၊ ပြိုင်ဘက်က အတွေ့အကြုံနဲ့ ရုပ်ပိုင်းဆိုင်ရာသာတာ၊ အရည်အချင်းကလည်း သာနေတာလို့ ကိုယ်ခံပညာစိတ်ဝင်စားသူတိုင်းက သတ်မှတ်ထားတာမို့လို့ Van အဖို့ ဒီပွဲသာ တကယ်ဖြစ်လာရင် ဆင်ကန်းတောတိုးတာလို့ ဆိုရမှာဖြစ်ပြီး ရူးမိုက်လွန်းရာ ကျတယ် ပြောပေမဲ့လည်း လူတွေကို အောင်မြင်စေတာက အဲဒီ ဘုရင်နောင် ဖောင်ဖျက်စိတ်ဓာတ်ကြောင့်ပါပဲ။ UFC Flyweight တန်းမှာ ချန်ပီယံဖြစ်ချင်တယ်မို့လား။ ဘာကောင်ကြီးလာလာ ထိုးရမှာပါပဲ။ နိုင်ရင် သောက်ကြမ်းကြီးဖြစ်ပြီး ချန်ပီယံ စိန်ခေါ်ခွင့်ရမယ်။ မနိုင်ရင် အဆိုးဆုံးက Ranking ပြုတ်ပြီး ပြန်စရမှာမျိုး ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်နိုင် ဖြစ်နိုင် ၂၃ နှစ်သားအရွယ်မှာ သွေးအကြွဆုံးအချိန်မှာမှ UFC ကိုယ်တိုင်က Van ကတော့ Royval ကို ထိုးနိုင်မှာပဲ ယုံကြည်လို့ Short Notice နဲ့ ကမ်းလှမ်းလာတာကို မထိုးရဲဘူးလို့ပြောပြီး နောက်ပြန်ဆုတ်လို့ ဘယ်ဖြစ်ပါ့မလဲ။ ချသာ ချရမှာပါပဲ ကိုယ့်လူ။ ကိုယ့်လူနောက်မှာ ကိုယ့်လူ ယုံကြည်ထားသလို မြန်မာတစ်နိုင်ငံလုံးရှိပါတယ်။ နိုင်လည်း အားပေးမယ်။ ရှုံးလည်း အားပေးမယ့် မြန်မာပရိသတ်တွေကို ပိုင်ဆိုင်ထားတာပဲ။ ဝေးဝေးသွား မြင့်မြင့်ပျံ အမြန်ဆုံး UFC ချန်ပီယံဖြစ်အောင်သာ ကြိုးစားပြလိုက်ပါ။
ဒီလိုကာလမျိုးမှာကို မြန်မာ့အလံကို UFC စင်မြင့်ထက်ကတစ်ဆင့် ကမ္ဘာသိအောင်ကြိုးစားပြထားပြီး မိဘအတွက် အမေရိကန်မှာ ပင်ပန်းခက်ခဲတဲ့ ထိုးသတ်ပွဲအနိုင်ရငွေနဲ့ အိမ်ဝယ်ပေးထားနိုင်သူကိုမှ အားမပေးရင် မြန်မာတစ်နိုင်ငံလုံးမှာ အားပေးစရာလူမရှိတော့ဘူးဆိုတာ မြန်မာနိုင်ငံသားတိုင်း အသိပါပဲ။