◾️ ချင်းပြည်သစ်ကွန်ဂရက်ပါတီကလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထား

၉. ၆. ၂၀၂၅
Written by Nyein Kyaw
ရခိုင်တိုင်းရင်းသားပါတီ၏ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့ ခွင့်ပြုလိုက်ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီ တည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ ရှိပြီဖြစ်သည်။
ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party)သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်။
ပါတီတည်ထောင်ခွင့်ရရှိသော ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) သည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်သည်။
ရခိုင်တိုင်းရင်းသားများပါတီ (RNP) အား ကျောက်ဖြူမြို့နယ်၏ အမတ်ဟောင်းဖြစ်သူ ဦးဘရှိန်က ယခင်ရခိုင်အမျိုးသားပါတီ (ANP) ပါတီဝင်တချို့နှင့် ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဦးဘရှိန်သည် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ််အဖြစ် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် အနိုင်ရရှိဖူးသူဖြစ်ကြောင်း သိရသည်။
ယနေ့အထိ နိုင်ငံရေးပါတီ ၁၇ ပါတီကို တည်ထောင်ခွင့်ပြုပြီး အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၇ ပါတီအနက် ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်သည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ (New Chinland Congress (NCC)) က ပါတီ တည်ထောင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာသည်။
ယင်းသို့ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၆ ပါတီအနက် ပါတီ ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။