
၉. ၆ .၂၀၂၅
Written by Hey Mar
မနေ့က ဇွန်လ ၈ ရက် နေ့လယ်ခင်းက ရေထွက်စမ်းမှာ ရေဆင်းချိုးတဲ့ ကိုရင် ငါးပါးအနက် နှစ်ပါးရေနစ်သေဆုံးခဲ့ကာ ဒီနေ့ ဇွန်လ ၉ ရက်နေ့ မနက် ၃ နာရီ မိနစ် ၃၀ ကျော် အချိန်မှာတော့ ကိုရင်ငယ် နှစ်ပါးရဲ့ ရုပ်အလောင်း ပြန်လည်တွေ့ရှိဆယ်ယူနိုင်ခဲ့တယ်လို့ ရှမ်းတောင်လူငယ် လူမှုကယ်ဆယ်ရေး အဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်က ဝင်္ကပါရေထွက်ကန်မှာ ဇွန်လ ၈ ရက် ညနေပိုင်း ၃ နာရီကျော်အချိန်က အသက် ဆယ်နှစ်ကျော်အရွယ် ကိုရင်ငယ် ငါးပါး ရေဆင်းချိုးရာက ရုတ်တရက် မိုးသည်းလာပြီး ရေထွက် ရေကန်နစ်မြုပ်ကာ အလျင်အမြန် ရေပြည့်လာတာကြောင့် တက်ပြေးကြစဉ် တစ်ပါးကျန်ခဲ့တာကြောင့် အဲ့ဒီတစ်ပါးကို ပြန်ခေါ်တဲ့ ကိုရင်ငယ် တစ်ပါးပါ ရေထဲနစ်မြုပ်ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။


“ကိုရင်တွေက ဘာမှမပြောဘဲ အရင် တက်ပြေးလာပြီးထိုင်ငိုနေတာ။ ကြာမှသိတာ။ ရေတက်ရင်အဲ့ပုံစံမဟုတ်ဘူး။ ရပ်ကွက်ထဲက ရေတွေအကုန် အဲ့ကိုဝင်တာ။ ရေကချက်ချင်းတက်တာ” လို့ ဒေသခံတစ်ဦးက ဖြစ်စဉ်နဲ့ ပတ်သတ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အဆိုပါ ဝင်္ကပါရေထွက်ကန် အနီးအနားမှာ ဘုန်းတော်ကြီးကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ရှိပြီး ဝေလံခေါင်ဖျားအရပ်ဒေသက ကလေးငယ်တွေ ပညာသင်နိုင်ဖို့ မိဘတွေက ကိုရင်စည်းပေးကာ လာရောက်အပ်နှံကြတာလို့လည်း သိရပါတယ်။ ရေနစ်သေဆုံးတဲ့ ကိုရင်ငယ်တွေက ဓမ္မဝိဟာရ ကျောင်းတိုက်က ဖြစ်ပြီး ကိုရင်ငယ်တွေရေဆင်းချိုးတဲ့ ဝင်္ကဘာရေထွက်က အနိမ့်ပိုင်းရပ်ကွက်မှာ တည်ရှိကာ ကားလမ်းနဲ့ ပေ၂၀ နီးပါး အနိမ့်ပိုင်းမှာ ရှိကြောင်း သိရပါတယ်။
ရုတ်တရက် ရေကြီးခြင်းကြောင့် နစ်မြုပ်ခဲ့တဲ့ ကိုရင်ငယ်တွေကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေ၊ ဒေသခံတွေက ပူးပေါင်းရှာဖွေခဲ့ကြပြီး ဇွန်လ ၉ ရက်နေ့ မနက်ခင်း ၃ နာရီ ၃၀ မိနစ်ကျော် အချိန်မှာ ရုပ်အလောင်းကို ပြန်လည် ရှာတွေ့ခဲ့ကာ ရှမ်းတောင် လူငယ်အဖွဲ့က တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။