
၉.၆.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ အနောက်တောင်ဘက် ကီရာလာ ကမ်းခြေအလွန် ကိုချီမြို့အနီးမှာ စင်ကာပူ အလံ စိုက်ထူထားတဲ့ ကုန်သေတ္တာတင်သင်္ဘောတစ်စီးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပွားခဲ့တာမှာ သင်္ဘောသားလေးဦးပျောက်ဆုံးနေပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ သင်္ဘောပေါ်မှာ စုစုပေါင်းသင်္ဘောသား ၂၂ ဦး လိုက်ပါလာတယ်လို့လည်း သိရပါတယ်။
MV WAN HAI 503 အမည်ရှိ အဆိုပါကုန်သေတ္တာတင်သင်္ဘောက သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ကနေ အိန္ဒိယနိုင်ငံ၊ နာဗာရှီဗာဆိပ်ကမ်းကို ခုတ်မောင်းလာနေစဉ် ကိုချီမြို့အနီးမှာ ဇွန်လ ၉ ရက် နံနက် ၁၀ နာရီခန့်က သင်္ဘောကုန်းပတ်အောက်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပြီး မီးလောင်ခဲ့တာလို့ သိရပါတယ်။
အိန္ဒိယရေတပ်က ကြေညာချက်တစ်စောင်ထုတ်ပြန်ရာမှာ သင်္ဘောက စင်ကာပူအလံစိုက်ထူထားတဲ့ ကုန်သေတ္တာတင်သင်္ဘောဖြစ်ပြီး ၂၇၀ မီတာ ရှည်ကာ ရေစူး ၁၂ ဒသမ ၅ မီတာ ရှိတယ် ဆိုပါတယ်။ အဆိုပါသင်္ဘောက ဇွန်လ ၇ ရက််မှာ ကိုလံဘိုဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး မွမ်ဘိုင်း၊ နာဗာရှီဗာဆိပ်ကမ်းကို ဇွန်လ ၁၀ ရက်မှာ ရောက်ရှိမှာပါ။
သင်္ဘောသား ၂၂ ဦးအနက် သင်္ဘောကိုစွန့်ခွာလာတဲ့ ၁၈ ဦးကိုတော့ အိန္ဒိယရေတပ်နဲ့ကမ်းခြေစောင့် တပ်ဖွဲ့တို့က ကယ်ဆယ်ခဲ့တာပါ။ သင်္ဘောကတော့ မီးလောင်ပြီး ဆက်လက်မျောပါနေတယ်လို့ သိရပေမဲ့ ပျောက်ဆုံးနဲ့ ဒဏ်ရာရသင်္ဘောသားတွေရဲ့ မိခင်နိုင်ငံတွေ၊ အမည်တွေကိုတော့ မသိရသေးပါဘူး။
Ref , Times Now
