
၉. ၆. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ကို ရွှေ့ပြောင်းအခြေချနေထိုင်တဲ့ မြန်မာဒုက္ခသည်တစ်ဦးဟာ အမေရိကန်နိုင်ငံက ဟူစတန်မြို့ဖွား လူငယ်တစ်ဦးရဲ့ ပုလင်းနဲ့ အချက် ၂၀ ကျော် ရိုက်နှက်မှုကို ခံခဲ့ရပြီးနောက်မှာ သေဆုံးခဲ့ရပါတယ်။
ဖြစ်စဉ်က ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ မနက် ၉ နာရီခွဲခန့်အချိန်က ဟူစတန်မြို့၊ ဟဲရစ်ကောင်တီက အလိဖ်ဒေသမှာရှိတဲ့ ဓာတ်ဆီဆိုင်တစ်ခုမှာ အသက် ၃၉ နှစ်အရွယ် မြန်မာနိုင်ငံသား ဦးရဲမြင့်အောင်ဟာ ပုလင်းနဲ့ အကြိမ်များစွာရိုက်နှက်ခံခဲ့ရတာဖြစ်ပါတယ်။ နံနက်ခင်းကတည်းက ရိုက်နှက်ခံရတဲ့ ဦးရဲမြင့်အောင်ကို ကူညီမယ့်သူမရှိဘဲ အဲဒီည ၉ နာရီခွဲအချိန်မှ လာကီရှာ ဝီလ်ခ်စ်ဆိုတဲ့ ဦးရဲမြင့်အောင်ကို သိရှိသူ အမျိုးသမီးက အဲဒီနေရာ ရောက်သွားချိန်မှ ဦးရဲမြင့်အောင်လဲကျနေတာကိုတွေ့ပြီး ရဲကို အကြောင်းကြားခဲ့တာပါ။ ရဲတပ်ဖွဲ့ရောက်လာပြီး စုံစမ်းစစ်ဆေးကာ ဆေးရုံပို့ခဲ့ပေမဲ့ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ အချိန် ၁၂ နာရီကျော် မြေပြင်မှာလဲကျ နေခဲ့ရတဲ့ ဦးရဲမြင့်အောင်တစ်ယောက် မေလ ၂၅ ရက်မှာတော့ ဆေးရုံမှာ သေဆုံးခဲ့တာပါ။
ဒါ့အပြင် ရဲတပ်ဖွဲ့က လူတစ်ယောက်သေဆုံးပေမဲ့လည်း စုံစမ်းအရေးယူမှုကို ချက်ချင်းမလုပ်ဆောင်ဘဲ အချိန်နှစ်ပတ်ကြာမှ လုပ်ဆောင်ခဲ့တဲ့အတွက် ခက်ခဲပင်ပန်းခဲ့ရတယ်လို့လည်း ဦးရဲမြင့်အောင်ရဲ့ အကိုက ပြောခဲ့ပါတယ်။
ဦးရဲမြင့်အောင်သေဆုံးအပြီး နှစ်ပတ်အကြာမှ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့က စစ်ဆေးအရေးယူမှုလုပ်ဆောင်ရာမှာ CCTV မှတ်တမ်းအရ တရားခံ အသက် ၂၂ နှစ်အရွယ် လန်ဆယ်လို မာတီနက်ဇ်နဲ့ အခြားတစ်ဦးတို့က ကြာသပတေးနေ့ ည ၇ နာရီခန့်မှာ ဓာတ်ဆီဆိုင်ကို ရောက်ရှိလာပြီး သူတို့နှစ်ဦးက ၁၅ မိနစ်ကျော်ကြာ ဦးရဲမြင့်အောင်နဲ့ ဆက်သွယ်ပြောဆိုနေတာကို တွေ့ရပါတယ်။ တရားရုံးစာရွက်စာတမ်းတွေအရ မာတီနက်ဇ်ဟာ သူရောက်လာချိန်မှာ ဘီယာပုလင်းကို ကားပေါ်တင်ခဲ့ပြီး ကားမောင်းထွက်ချိန် ပြုတ်ကျသွားတဲ့ ဘီယာပုလင်းကို တစ်စုံတစ်ဦးက သူတို့ကို ပုလင်းနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ထင်မှတ်ခဲ့တာကြောင့် အဲဒီနောက်နေ့မနက် ပြန်ရောက်လာချိန်မှာ ပတ်ဝန်းကျင်ကို ရန်ရှာပြီး ဦးရဲမြင့်အောင်ကို ပုလင်းနဲ့ အချက် ၂၀ ကျော် ရိုက်ခဲ့တာပါ။ မာတီနက်ရဲ့ သူငယ်ချင်းဖြစ်သူကတော့ အဲဒီဘီယာပုလင်းကို မာတီနက်ကိုယ်တိုင် တင်ခဲ့တာဖြစ်ပြီး ဘယ်သူကမှ ပစ်ပေါက်တာမဟုတ်ဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
ဖြစ်စဉ်မှာတော့ ရိုက်နှက်ခံရတဲ့ ဦးရဲမြင့်အောင်က ယိုင်တိုင်တိုင်နဲ့ အပြင်ထွက်သွားပြီး လဲကျသွားခဲ့ပေမဲ့ တစ်နေ့တာလုံး ကူညီသူမဲ့ခဲ့တာကြောင့် အသက်မမှီခဲ့တာပါ။ လက်ရှိမှာတော့ တရားခံ မာတီနက်ကို ဇွန် ၄ ရက်မှာ ဖမ်းမိထားပြီး လူသတ်မှုနဲ့ စွဲဆိုထားသလို ဒေါ်လာငါးသိန်းအာမခံနဲ့ ဟဲရစ်ခရိုင်ထောင် ပို့ဆောင်ထားပြီး ဇူလိုင် ၂၉ ရက်မှာ ရုံးချိန်းစစ်ဆေးမှာပါ။
Ref, ABC , Law & Crime