
၈.၆.၂၀၂၅
Written By Zun
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း AA သောင်းကျန်းသူများ အစုလိုက်နေထိုင်ရာ နေရာများကို တပ်မတော်က ယမန်နေ့ ဇွန်လ ၇ ရက်တွင် လေကြောင်းဖြင့် ရှင်းလင်းခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၇ ရက် ည ၁၀ နာရီခန့်က သံတွဲမြို့ အမှတ် (၈) ရပ်ကွက်ရှိ AA စုဝေးရာနေရာတစ်ခု၊ စစ်ဘေးရှောင်များအား လူသားဒိုင်းထားကာ ရိက္ခာ၊ လက်နက်နှင့် AA အဖွဲ့များ ရှိနေသည့် ကျောက်ကြီးရွာ အထက်တန်းကျောင်း၊ ပုစွန်ဖြေ စာသင်ကျောင်းတို့ လေကြောင်းမှ ဗုံးကြဲခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အပေါ် AA ဘက်လိုက်မီဒီယာများက စစ်ဘေးရှောင်စခန်းအပါအဝင် နေရာ ၃ နေရာကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ၃ ဦးသေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ရေးသားဖော်ပြနေကြသည်။

“AA မီဒီယာတွေက သက်သက် ရှိကြတာလေ။ကျွန်တော်ပြောပြမယ်။ သံတွဲမှာ မြို့ပေါ်ရော၊နယ်ဘက်ရွာတွေမှာရော AA တွေပဲ။ အိမ်တွေကို တက်တယ်။ သစ်သားတံခါးချပ်တွေကိုတောင် ခွာပြီး ယူတယ်။ ရောင်းကြတယ်။ ဒီလို ဖြစ်နေတဲ့ မြို့ ဆိုတော့ AA မကြိုက်သူတွေက သည်းခံနိုင်ပါ့မလား။ အခု ပြောနေတဲ့ အစ်ကို့အနေနဲ့ဆိုရင် အဲဒီ ဖြစ်နေတာတွေကို ကျေနပ်မလား၊ ပြောကြည့်ပါလား။ ကျွန်တော်တို့က ခံနေရတဲ့သူတွေ။ ဒါကြောင့် ဗုံးချတာကို ချပေ့စေလို့ပဲ ပြောချင်တယ်။ AA က သူတို့ ဘယ်မှာနေတတ်သလဲ၊ သူတို့က ဘယ်မှာ စခန်းချတတ်သလဲ။ ဘုန်းကြီး ကျောင်းတို့၊ စာသင်ကျောင်းတို့မှာပဲလေ။ လူတိုင်းသိပါတယ်”ဟု သံတွဲဒေသခံက MT News ကို ပြောသည်။
