
၈. ၆. ၂၀၂၅
Written by Thettant
ထိုင်းနိုင်ငံတွင် လက်ရှိတည်ဆောက်လျက်ရှိသော မိုးပျံအဝေးပြေးအမြန်လမ်းစီမံကိန်း ရာမ (၂) လမ်း တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း မြန်မာလုပ်သားတစ်ဦး ထပ်မံသေဆုံးမှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဇွန်လ ၈ ရက် နံနက် ၂ နာရီတွင် ဘန်ကောက်၊ ချုမ်ထောင်းခရိုင်၊ ဘန်မွတ်ရှိ ရာမ ၂ လမ်း၊ ဆွိုင် ၂၉ အနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်း လူတစ်ဦးပြုတ်ကျကြောင်း ဘန်မွတ်ရဲစခန်းသို့ သတင်းပို့ခဲ့သည်။
ကယ်ဆယ်ရေးသမားများ ရောက်ရှိချိန်တွင် ရွှံ့နှင့်ရေပြည့်နေသော ၃ မီတာအနက်ရှိ တွင်းထဲမှ မြန်မာနိုင်ငံသား အသက် ၃၉ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သားဦးရဲ ဆိုသူကို သတိမေ့မြောနေလျက် တွေ့ရှိခဲ့သည်။ ကယ်ဆယ်ရေးသမားများက ရေများကို စုပ်ထုတ်ကာ ၎င်းကို ဆွဲတင်ခဲ့သော်လည်း ၎င်းတွင် အသက်ရှင်သန်မှု လက္ခဏာ အားနည်းနေသဖြင့် အရေးပေါ်ပြုစုကုသမှု ပြုလုပ်ပေးခဲ့ပြီးနောက် အနီးရှိဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ခဲ့သော်လည်း ဆေးရုံရောက်ပြီး ကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့သဖြင့် ဘန်ပရာကောက် ၉ ဆေးရုံက ဦးရဲမှာ နံနက် ၇ နာရီခွဲ၌ သေဆုံးသွားကြောင်း ကြေညာခဲ့သည်။

ဦးရဲ၏ အခြားလုပ်ဖော်ကိုင်ဘက်ဖြစ်သူ မြန်မာနိုင်ငံသားတစ်ဦးက ၎င်းတို့က လမ်းအပေါ်စီးမှ ရေပိုက်များ တပ်ဆင်နေစဉ် မြေကြီး ရုတ်တရက် ပြိုကျခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ပြောပြခဲ့သည်။ အဆိုပါ ပြိုကျမှုမှ ကွန်ကရစ်ပြားနှင့် မြေကြီးများ ပြိုကျ၍ သေဆုံးသူကို ဖိမိခဲ့ခြင်းဖြစ်သည်။
အဆိုပါနေရာသည် ထိုင်းအမြန်လမ်းမကြီးအာဏာပိုင်အဖွဲ့ (Expressway Authority of Thailand) က ကြီးကြပ်သော ရာမ ၃–ဒေါဝ်ခနောင်း–အနောက်ပိုင်း အပြင်ဘက် လမ်းပတ်လမ်း အမြန်လမ်းမကြီး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး M82 အဝေးပြေးလမ်းမကြီး (ဘန်ခွန်ထန်–ဘန်ဖဲအို) နှင့် ချိတ်ဆက်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်ကလည်း အဆိုပါသီမံကိန်းတွင် မိုးပျံဝန်ချီစက်ပြိုလဲမှုကြောင့် မြန်မာလုပ်သားသုံးဦးအပါအဝင် လေးဦးသေဆုံးထားသည်။ ထို့အပြင် ၂၀၁၈ ခုနှစ်မှစ၍ ရာမ ၂ လမ်းတစ်လျှောက် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း မတော်တဆမှုပေါင်း ၂,၅၀၀ ကျော်၊ အလုပ်သမား ၁၄၀ ကျော် သေဆုံးခဲ့ပြီး ၁,၄၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
