



၈.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လ်မြို့မှာ ဇွန်လ ၆ ရက်က စတင်ခဲ့တဲ့ ဆန္ဒပြဆူပူမှုတွေက ဇွန်လ ၇ ရက်မှာ ဒုတိယနေ့အဖြစ်ဆက်လက်ဖြစ်ပွားခဲ့ရာမှာ သမ္မတ ဒေါ်နယ်ထရန့်ကဆန္ဒပြမှုတွေကိုနှိမ်နင်းဖို့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်၂,၀၀၀ ကို လော့စ်အိန်ဂျယ်လ်မြို့အတွင်းတပ်ဖြန့်ချထားခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေက ဇွန်လ ၆ ရက်မှာ လော့စ်အိန်ဂျယ်လ် မြို့လယ်ရှိ ဖက်ဒရယ်အဆောက်အအုံအနီးမှာ စတင်စုဝေးခဲ့ကြတာပါ။ ထရန့်အစိုးရက အမေရိကန်နိုင်ငံတွင်း တရားမဝင်နေထိုင်သူတွေ၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူတွေကို ပြန်ပို့ဖို့ လူဝင်မှုကြီးကြပ်ရေးဌာနက မြို့ထဲမှာ အများအပြား စီးနင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာကို ဆန္ဒပြမှုတွေ ပြုလုပ်လာခဲ့ကြတာပါ။ဆန္ဒပြပွဲ ဒုတိယနေ့မှာတော့ မျက်ရည်ယိုဗုံးနဲ့ပေါက်ကွဲစေနိုင်တဲ့ အသံဗုံးတို့ကိုအသုံးပြုပြီး ဆန္ဒပြသမားတွေကို လူစုခွဲခဲ့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ် ကတော့ သမ္မတ ထရန့်ရဲ့ခုလို အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို လော့စ်အိန်ဂျယ်လ်မြို့အတွင်း တပ်ဖြန့်ချထားခဲ့တာက ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ပေးခဲ့မှုဖြစ်ပြီး တင်းမာမှုတွေကို မြင့်တက်စေလိမ်မယ်လို့ ဝေဖန်မှုပြုခဲ့ပါတယ်။ ဒါ့ပြင် သူက ဒီလုပ်ရပ်က မှားယွင်းပြီး ပြည်သူတို့ရဲ့ယုံကြည်ကိုးစားမှုကို ပျက်ပြားစေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေက အရာရှိတချို့ကလည်း ခုလို အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့် ချထားခဲ့တာက တုံ့ပြန်မှုတွေဖြစ်လာစေနိုင်ပြီးထပ်လောင်းလှုံ့ဆော်သူတွေကို နှိုးဆွပေးသလိုတောင် ဖြစ်သွားစေနိုင်တယ်လို့ ပြောခဲ့ကြပါတယ်။
ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဆက်ကတော့ လော့စ်အိန်ဂျယ်လ်မှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုတွေဆက်ပြီးဖြစ်ပွားနေရင် အမေရိကန် မရိန်းစစ်သားတွေကိုခေါ်ယူအသုံးပြုဖို့ တပ်လှန့်ထားတယ်လို့ ဇွန်လ ၇ ရက်က ပြောခဲ့ပါတယ်။ ဂါဗင် နယူးဆမ် ကတော့ ဟက်ဆက်ဟာ မရိန်းတပ်ဖွဲ့ ဝင်တွေကို ဆန္ဒပြပွဲနှိမ်နင်းဖို့ သုံးမယ်လို့ ခြိမ်းခြောက်ခဲ့တာက ရိုင်းစိုင်းတဲ့အပြုအမူပြခဲ့တာပဲလို့ ပြောခဲ့ပါတယ်။
Ref- CNN
