
၈. ၆. ၂၀၂၅
Written by Tha Doe
အရှေ့တောင်အာရှမှ ဘက်လိုက်တတ်သော One Championship ကဲ့သို့ ထိုင်းနိုင်ငံမှ ချွတ်တီးချွတ်ခြောက် ထိုးသတ်ပွဲများတွင်ပင် မြန်မာ့အလံခြုံရန် ရှက်ရွံနေသော အသိဉာဏ်နည်းပါးသည့် မြန်မာလက်ဝှေ့သမားများနှင့် ခြားနားစွာပင် တစ်ကမ္ဘာလုံးက စောင့်ကြည့်သော UFC စင်မြင့်ထက် မြန်မာ့အလံခြုံကာ ပြုံးရွှင်ရယ်မောစွာ ပွဲထွက်လာသော လူငယ်တစ်ဦးကို ယနေ့မနက်တွင် ကိုယ်ခံပညာစိတ်ဝင်စားသော ကမ္ဘာ့လူသားတိုင်း မြင်လိုက်ကြရသည်။
ထိုထက်ပိုသည်ကား ယနေ့ Van ထိုးသတ်သော UFC 316 ပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ပါ တက်ရောက်ကြည့်ရှုခြင်းဖြစ်ရာ UFC ၏ ကြီးကျယ်ခမ်းနား ကမ္ဘာကျော်မှုကို မှန်းဆနိုင်မည်လည်းဖြစ်သည်။
နိုင်ငံနှင့် နိုင်ငံရေးကို ရောထွေးကာ မြန်မာ့အလံခြုံရန် One Championship ကဲ့သို့ သေးနုပ်သော စင်မြင့်ထက်တွင်ပင် ရှက်ရွံ့နေကြသူများတွင် ထွန်းထွန်းမင်း၏ ညီအုပ်စု၊ စိုးလင်းဦး၊ ဘရော်နီကာ၊ သန့်ဇင်၊ ဖြိုးဝေအုပ်စုလက်ဝှေ့သမားများက အထင်ကရဖြစ်ပြီး တစ်ဦးတစ်ယောက်မှ မြန်မာ့အလံခြုံကြသည်ကို မမြင်ဖူးချိန် UFC ကဲ့သို့ ကမ္ဘာ့နံပါတ်တစ် တိုက်ခိုက်ရေးစင်မြင့်ထက် မြန်မာ့အလံခြုံရင်း လျှောက်လှမ်းဝင်လာသူက အနောက်နိုင်ငံစံနှုန်းအရ လူပုလေးဟုခေါ်ဆိုရမည့် အကြောက်တရားကင်းမဲ့သော ဗန် ဟု ယခုနောက်ပိုင်း နာမည်ကျော်လာသည့် Joshua Van ပင်ဖြစ်သည်။

ပေါ့ပေါ့ပါးပါး ပြုံးပြုံးရွှင်ရွှင်ဝင်လာသော Van က UFC ၏ နာမည်ကျော် အဋ္ဌဂံကွင်းထဲအရောက်တွင်မူ မြန်မာ့အလံကို အကူအသင်းဖော်ထံ ပေးအပ်လိုက်သည်။ ကိစ္စမရှိပါ။ Van ၏ သွားဖုံးအကာသည် မြန်မာ့အလံနှင့် ပြုလုပ်ထားပြီး သူ့စိတ်ဝိဉာဥ်တွင် သူချစ်ခင်လေးစား မြတ်နိုးတန်ဖိုးထားသော မြန်မာ့အလံသည် သူ့ခန္ဓာနှင့် မကွဲမကွာရှိနေဆဲဖြစ်သည်။
ဗန်နှင့် ရင်ဆိုင်ရမည်သူက UFC ၏ Flyweight တွင် အလဲထိုးပါဝါအရှိဆုံးဟု တင်စားခံရသည့် ဘရာဇီးဖိုက်တာ ဘရူနိုဒါဆေးဗားဖြစ်သည်။ သူ၏ အလဲထိုးပွဲများ၊ UFC Ranking အဆင့် ၁၂၊ သူ၏ အလုံးအရပ်နှင့် ထိုးသတ်ပုံကြောင့် “ခွေးဘီလူး – Bulldog” ဟုလည်း ကမ္ဘာသိဖိုက်တာဖြစ်သည်။ Bulldog နှင့် Van က Bulldog က အသက် ၃၅ နှစ်၊ Van က အသက် ၂၃ နှစ်၊ Bulldog က အရပ် ၅ ပေ ၄ လက်မနှင့် Van က အရပ် ၅ ပေ ၅ လက်မမှလွဲလျင် အလုံးအရပ်၊ လက်သီးရောက်ရှိမှု Reach အတူတူပင်ဖြစ်သည်။
Van က Ground ထိုးသတ်ပုံ စာမေးပွဲအောင်ခဲ့သော ဂျပန်ဖိုက်တာ Rui Tsuruya နှင့်ပွဲမတိုင်ခင် တည်ပေးခံရသော်လည်း ပွဲပျက်ရပြီး ထပ်ဆုံသော Bulldog က အလဲထိုးပါဝါမြင့်သလို သူ၏ လက်သီးချက်များက မြန်ဆန်ပြင်းထန်သည်။ ပွဲမစမီ အစီအစဥ်ကြေညာသူက သူတို့၏ အနိုင်ရရှိမှုနှုန်းများ ကြေညာနေချိန် ဖိုက်တာနှစ်ယောက်စလုံးက အနိုင်ရရန် ယုံကြည်မှုအပြည့်ပုံစံဖြင့် သွေးအေးတည်ငြိမ်နေကြသည်လည်း တွေ့ရသည်။

◾ ပထမအချီ စပြီ
ပွဲစပြီဆိုသည်နှင့် Van က Bulldog ကို အကဲစမ်းနေသည်။ သူ၏ ခြေ၊ သူ၏လက်က Bulldog ခန္ဓာကိုယ်ပေါ် မည်သို့ ထိထိမိမိ မိတ်ဆက်ပေးရမည်ကို အကဲစမ်းနေချိန် Van လိုပင် အကဲစမ်းနေသော Bulldog က ညာခြေဖြင့် အောက်ခြေကန်ချက်ကို ပစ်ကန်လိုက်ရာ ကန်ချက်ပြင်းထန်သဖြင့် Van လဲကျသွားသည်။ သို့သော် Van ၏ Ground Fight ကို ကြောက်ပုံရသော Bulldog က ဝင်မလုံးရဲသဖြင့် Van က အမြန်ထရပ်ခွင့်ရသွားသည်။ လဲကျအပြီး Van က အကွာအဝေးထိန်းချက် သိရန် လက်သီးနှစ်လုံးပစ်သွင်းသော်လည်း မထိ။ Bulldog ၏ ညာလက်သီးကလည်း နာမည်ကျော်သည်။ ပြင်းထန်အားပါသဖြင့် Van က Bulldog ၏ ညာလက်သီးနှင့် ညာခြေကို သတိထားနေသည်ကို တွေ့ရသည်။
ထို့နောက် ညာခြေဖြင့် အောက်ကိုကန်သော Bulldog ကို Van ညာခြေကန်ပြီး လက်သီးနှစ်လုံးဖြင့် မျက်နှာကို လှမ်းထောက်လိုက်သည်။ အကွာအဝေးတိုင်းသော လက်သီးဖြစ်၍ ထိချက်မနာ။ ဘရူနိုကလည်း ညာခြေနှစ်ချက်ဆင့်ကန်သည်။ အားမပါသော အကဲစမ်းခြေဖြစ်၍ Van က မရှောင် ဝင်ပူးနေရင်း ရှေ့အနည်းငယ်ငုံ့ကာ ညာဖြောင့်လက်သီးပစ်သွင်းလိုက်ရာ Bulldog ၏ ပါးပေါ်ထိသွားသည်။ ညာလက်သီးကောင်းမွန်သူကို ညာလက်သီးဖြင့် Van ဆုံးမလိုက်သော်လည်း အနည်းငယ်နာရုံမှအပ Bulldog မကျ။ Bulldog ကို Van က တိုက်စစ်ဖွင့်ရင်း ကောင်တာချောင်းဆော့နေသည့်ပုံစံဖြစ်ပြီး Bulldog က ညာခြေလေးကန်လိုက် လက်သီးလေးထုတ်လိုက်လုပ်နေရင်း ကပ်လာသော Van ကို Overhand တစ်ချက်ကို အပြင်းထန်ဆုံးပစ်သွင်းလိုက်သည်။ Bulldog အားသန်သော ညာလက်သီးကို အောက်ငုံ့အရှိန်ယူကာ အပေါ်စီးက ပစ်ထိုးခြင်းဖြစ်ရာ ထိလိုက်ပါက Van ကျသွားနိုင်သည်။ သို့သော် Van ကို မထိ။ သို့သော် သိပ်မကြာခင် ဒုတိယအကြိမ်ထိုးသော ဖြောင့်လက်သီးက Van ကို ထိသည်။ လက်သီးရိုးနှင့် မျက်နှာထိသံ ပါးပါး ကြားလိုက်ရသည်ထင်သော်လည်း Van မကျ။ ထပ်တိုးလာသည့် Van ကို Bulldog က Overhand ကျွေးရာ Van အသာ မျှောရှောင်ပြီး ကျွံလာသည့် ခေါင်းကို ပင့်လက်သီးကျွေးလိုက်ရာ ခွာသွားပြန်သည်။
သို့သော် ချက်ချင်း Bulldog က လူရောလက်သီးပါ တစ်ရှုးထိုးပူးလာပြန်ရာ Van က နောက်ဆုတ်ပြီး ထောက်လက်သီးတစ်လုံး မျက်နှာပေါ်လွှတ်ကာ တားလိုက်ရပြန်သည်။ ပြန်ခွာသွားသော Bulldog က ရိုးရိုးမခွာ။ Spinning Back Kick ဖြင့် နောက်ပြန်ကန်ပြန်သည်။ ကန်ချက်လှသော်လည်း Van ကို မထိ။ ကန်ပြီးပြီးချင်း လက်သီးထုတ်နိုင်သေးသည်ကို Van ရှောင်ပြီး လက်သီးတစ်လုံးထုတ်ရာ Bulldog ကို ထိပြန်သည်။ Bulldog တိုက်စစ်ဖွင့်တိုင်း Van ၏ ကောင်တာလက်သီးထိနေသည်။ ချက်ချင်း Van ကို Bulldog က ဝင်ပူးထိုးပြန်သည်။ မထိအောင် ကာကွယ်နိုင်သော Van ကလည်း ဘယ်ညာတွဲလုံးလက်သီးလွှတ်ရာ Bulldog ကြမ်းပေါ်ကျသွားသည်။ ခေါင်းတစ်လုံးသာသော အဖြူအမည်းဖိုက်တာများကို ရင်ဆိုင်နေရချိန် Van ၏ လက်သီးကို ပါဝါမရှိဟု ပြောခဲ့သော်လည်း လုံးတူရပ်တူတွင်မူ Van ၏ လက်သီး ပါဝါကြီးသည်ကို Bulldog က တစ်ကမ္ဘာလုံးကို အနာခံ ပြသွားခဲ့သည်။ ကြမ်းပေါ် ဝပ်ကျနေသော Bulldog ကို Van က အပေါ်စီးက သုံးလေးချက်ပစ်ထိုးသော်လည်း သန်မာလွန်းသော Bulldog က Van ကို တွန်းကာ ပြန်ထလာနိုင်သည်။
ပြန်ထလာသော Bulldog က ဘယ်ညာတွဲလုံးနှင့် အောက်ခြေကန်ချက်တို့ဖြင့် ချက်ချင်းတိုက်စစ်ဖွင့်ရာ ထိသော်လည်း မနာ။ Van ကလည်း ဘယ်ညာတွဲလုံးဖြင့်ထောက်သော်လည်း အားမပါ။ သို့သော် ခွာပြီးစအချိန် Van ၏ ညာဖြောင့်လက်သီးက ထပ်ဝင်လာရာ ခွပ်ကနဲ့ မျက်နှာရိုးထိသံပေါ်လာပြန်သည်။ Bulldog အလွန်မာသည်။ မျက်နှာကိုတိတိကျကျပြင်းပြင်းထန်ထန်ထိသည်ကို မမှု။ ထို့နောက် အပြန်အလှန်အကဲစမ်းရင်း ပွဲချိန် မိနစ် ၅၀ သာကျန်တော့ချိန် Bulldog က ညာခြေနှစ်ချက်ပြင်းပြင်းကန်ထုတ်ရာ Van ခြေနာသွားသည်။ နာသွားသော Van ကို Bulldog က Overhand နှစ်လုံးကျွေးပြန်သည်။ သို့သော် မထိ။ ထို့နောက် အတင်းဝင်ပူးချိန် Bulldog က Van ၏ နာထားသော ညာခြေကို ပါးပါးနပ်နပ် ကန်လှဲချရာ Van လဲကျသွားသည်။ Bulldog ဝင်လုံးမည်ကြံသော်လည်း Van က မြန်မြန်ဆန်ဆန်ခုန်ထသွားသည်။
ထို့နောက် Van က ညာဖြောင့်လက်သီးကျွေးရာ Bulldog ကို ထိသော်လည်း ချက်ချင်း Overhand လက်သီး Bulldog ထုတ်ရာ Van ကို ပါးပါးထိပြန်သည်။ အားသန်သော ညာလက်သီးကို တစ်ကိုယ်လုံးအားဖြင့် ပစ်ထိုးရာ ထိချက်မှန်လိုက်ပါက Van မလွယ်။ အပြန်အလှန်အကဲစမ်းရင်း ပထမအချီပြီးသွားသည်။ Van သာသည့် ပထမအချီဖြစ်ခဲ့ပြီး Bulldog လဲကျချိန် ဖိထိုးနိုင်ခဲ့မှုက အားသာခဲ့ပြီး Bulldog ကို ပီပီပြင်ပြင် အမဲလိုက်နိုင်ခဲ့သည်။

◾ အခွင့်အရေးနှစ်ခါရတဲ့ ဒုတိယအချီ
ဒုတိယအချီစသည်နှင့် အတင်းဝင်လာသော Bulldog ၏ ပစ်မှတ်က Van ၏ နာနေသော ခြေကို ဖြစ်သည်။ Van ကို ခြေကန်လှဲချ ခွထိုးမည်ဟု Bulldog ကြံနေသည်။ သို့သော် အတင်းဝင်ပူးနေသည့် Bulldog ကို Van က ထောက်လက်သီး၊ တွဲလုံးများဖြင့် တားနေရသလို High Kick ကန်သော Van ခြေကို Bulldog ဝင်ထမ်းပြီး နံရံကပ်လိုက်သော်လည်း Van က လွတ်အောင်ရုန်းလိုက်နိုင်သည်။ စက္ကန့်ပိုင်း သတိလွတ်လျင်ပင် ပွဲပြတ်သွားနိုင်သော ဖိုက်တာက ပထမအချီ အရေးနိမ့်မှုအပေါ် အားသာချက်ယူရန် အားထုတ်မှုကို Van ထောက်လက်သီးများ၊ တွဲလုံးများဖြင့်သာ တားနေရသည်။ ထို့နောက် Front Kick များ Body Kick များဖြင့် အပြန်အလှန် အကဲစမ်းပြန်သည်။ ထို့နောက် အပြန်အလှန်ဖွင့်ထိုးရာ မျက်နှာတစ်ချက်စီထိကြသည်။ သိပ်မနာကြ။ Bulldog က သူအားသန်သော ညာလက်သီးဖြင့် Overhand ခဏခဏထိုးနေသည်။ သို့သော် Van က ရှောင်နေနိုင်သည်။ ခဏနေတော့ Overhand ထိုးရန်ဟန်ပြပြီး တံတောင်ထုတ်ချင်သော Bulldog ကို Van က ညာဖြောင့်နှင့်တားရာ နားရွက်နားထိသွားသည်။ Bulldog က မနာဘူး ထပ်ထိုးဟု ဟန်ပြသည်ကို Van က ခေါင်းဆတ်ပြသည်။ ထိသွားသော Bulldog က Overhand နှစ်ချက်ထိုးရာ Van ကို ရှပ်ထိပြီး Van အနည်းငယ် မျက်နှာပျက်သွားသည်။ UFC Ranking Van ထက် Bulldog ပိုမြင့်နေသည်မှာ အလကားမဟုတ်ကြောင်း Bulldog က ပြနေသည်။
Van က တိုက်စစ်ဖွင့်ပြန်သည်။ Bulldog က တားခြေ၊ ထောက်လက်သီးများဖြင့် ပြန်အကဲစမ်းနေသည်။ Bulldog ပြန်ထိုးချိန် Van ၏ ကောင်တာထောက်သော ညာဖြောင့်လက်သီး မေးရိုးအပေါ် ထိသွားကာ Bulldog ခွေကျသွားသည်။ ခွေကျသွားသော Bulldog ကို Van က အပေါ်စီးမှ ခွကာ တွဲလုံး အချက် ၁၀ ချက်ကျော်နှင့် မျက်နှာအထိုးမခံနိုင်၍ မှောက်ချသောခေါင်းကို လက်သီးဖြင့် ၁၀ ချက်ခန့်ထုသော်လည်း သန်မာလွန်းသော Bulldog ပြန်ထလာနိုင်ပြန်သည်။
ပွဲဖြတ်ချင်သော Van က တိုက်စစ်ဖွင့်ချိန် ကောင်တာပြန်ဖြစ်သွားသော Bulldog က ရုတ်ချည်း အရှိန်နှင့်ပြေးဝင်ကာ Van ခြေအစုံပြေးဖက်ရာ Van အငိုက်မိသွားပြီး အချုပ်ခံရင်း လဲကျသွားသည်။ ရုန်းအထ နောက်ကျောဘက်က ချုပ်ထားသော Bulldog လက်သီးချက် မထုတ်မီ Van ရုန်းထွက်လိုက်ရင်း လက်သီးတစ်ချက်ကျွေးလိုက်သည်။ ထပ်ဝင်ပူးချုပ်သော Bulldog ကို Van ထပ်ရုန်းပြီး အဆက်မပြတ်လိုက်ထိုးသည်။ ဒုတိယအချိ ဒုတိယအကြိမ် Knockdown ကျမှုက Bulldog အထိနာခဲ့ရပြီး မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီနေသည်။ Van က ပွဲဖြတ်ရန် လိုက်ထိုးသော်လည်း သန်လွန်းသော Bulldog ၏ အပူးအချုပ်၊ ညာလက်သီးတို့ကို သတိပြုနေရသည်။
သိပ်မကြာ ပထမအကြိမ်အတိုင်း အတင်းဝင်ချုပ်သော Bulldog ကို Van က ဒူးဖြင့် တိုက်ချလိုက်ရာ Bulldog ခွေကျသွားသည်။ ပွဲချိန် စက္ကန့် ၅၀ သာ ကျန်တော့သောအချိန် တတိယအကြိမ် Knockdown ရသည်ကို Van က အလဟဿ မထား။ အတင်းခွထိုးရာ Bulldog က မျက်နှာကို တံတောင်နှစ်ဖက်ဖြင့် အုပ်ကာထားပြီး ဖွဲအိတ်အသွင်ဖြစ်နေသည်။ Van က Ground and Pound အနေအထားဖြင့် ၁၅ ချက်ခန့် ဆက်တိုက်ထိုးသော်လည်း သံမဏိလူသားလိုဖြစ်နေသော Bulldog က မာလွန်းလှသည်။ Van ကို အောက်က ပြန်ချုပ်ရာ Van မှာ Guillotine Choke မိကာ ထိုးချက်များ ပျော့သွားသည်။ Van က ချုပ်ထားသော လည်ပင်းကိုဖြည်ကာ ပြန်ခွထိုးသော်လည်း လွတ်လွတ်ကျွတ်ကျွတ်ထိုးခွင့်မရ။ ပွဲချိန် ဆယ်စက္ကန့်ခန့်အကျန် Van က ဖြည်ပေးကာထသော်လည်း Bulldog က ရုတ်ချည်းမထနိုင်ဘဲ ကြမ်းပေါ် ခြေမြောက်လက်မြောက်ဖြင့် နေနေ၍ ဒိုင်က ထရပ်ခိုင်းကာ ပြန်တည်ပေးသော်လည်း ပွဲပြီးသွားခဲ့သည်။

◾ Van အလဲထိုး နိုင်ပြီ
မြန်မာ့ရိုးရာကျားတစ်ယောက်အဖို့ အသက် ၃၀ ဆိုလျင်ပင် ဆက်မထိုးနိုင်တော့ဘဲ အကျပိုင်းရောက်နေချိန် ၃၅ နှစ်သား Bulldog က အလွန်မာလွန်းလှသည်။ Knockdown သုံးကြိမ်ဖြင့် လက်သီးချက် အချက် ၁၀၀ လောက် စားထားသည့်ကြားက Bulldog က တတိယအချီတွင်ပင် မကျ။ ပထမနှင့် ဒုတိယအချီအနေအထားအရ Van က အမှတ်ပေးလျင်ပင် နိုင်နေပြီဖြစ်သည်ကို ရိပ်မိနေသော Bulldog က Game Plan ပြောင်းပြီး တိုက်စစ်ဆင်နေသည်။
ရှေ့နှစ်ချီက ညာခြေခင်းကာ ကန်နေသော Bulldog က တတိယအချီတွင် ဘယ်ခြေခင်းပြီး Bodykick သုံးချက်ဆင့်ကန်ရာ တစ်ချက်က Van နံစောင်းထိသည်။ အပြန်အလှန်တို့ကာဆိတ်ကာ အကဲစမ်းနေရင်း Bulldog အောက်ခြေကန်ချက်ထုတ်ရာ Van ခါထွက်သွားပြန်သည်။ ပွဲချိန်တစ်မိနစ်အထိ Van ဟုတ္တိပတ္တိလုပ်ခွင့်မရ။ ကျပြီထင်သော Bulldog က တိုက်စစ်ဦးဆောင်ကာ Van က ခံစစ်ဖြစ်နေသည်။ အပြန်အလှန်တို့ကာဆိတ်ကာ ထိုးနေရင်း ဝင်ပူးသော Bulldog မှာ ထိုးချိန် ၁ မိနစ် ၄၅ စက္ကန့်ခန့်တွင် Van ၏ ဘယ်ညာတွဲလုံး သုံးချက်ထိသွားသည့်အပြင် ကျွံကျန်နေသော ဦးခေါင်းကလည်း ဘယ်ညာတွဲလုံးဆင့်ထိပြန်ကာ ပြန်အခွာတွင်လည်း ဘယ်လက်သီးက မျက်နှာပေါ်ကျပြန်သည်။ Bulldog သွေးထွက်သံယိုမမြင်ရသော်လည်း မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီနေသော ပမာဏ မြင့်တက်လာသည်။
သို့သော် ထိုသို့ထိနေသည့်ကြားက Bulldog ၏ ညာလက်သီးသုံးချက်က Van ကို ရှပ်ရှပ်ထိနေသည်။ သုံးချီမြောက်မို့ ကျစပြုလာချိန်နှင့် ထိချက်မမှန်၍သာ Van သက်သာနေရသည်။ ထိုးသတ်ချိန် ၂ မိနစ် ၄၃ စက္ကန့်တွင် Van က Bulldog ခေါင်းကို ချုပ်မိသော်လည်း Bulldog က တွဲလုံးထုတ်သဖြင့် ပြန်လွှတ်လိုက်ရသည်။ တို့ကာဆိတ်ကာထိုးနေရင်း နှစ်ယောက်စလုံး ဖြောင့်လက်သီးတစ်ချက်စီ ထိပြန်ရင်း ပွဲချိန် နှစ်မိနစ်သာ ကျန်တော့သည်။
Bulldog က မာလွန်းလှပြီး တိုက်စစ်ကို ပြန်ဦးဆောင်နေသဖြင့် အမှတ်ဖြင့် ဆုံးဖြတ်တော့မည့်အခြေအနေ ထင်နေရချိန်တွင် Bulldog က ဝင်ချုပ်ရာ Van က တွန်းထုတ်ချိန် လက်သီးတစ်လုံး Van ကို ထိပြန်သည်။ Van က ဖြောင့်လက်သီးများထုတ်ပြီး တားနေရင်း ပွဲချိန် ၁ မိနစ် ၁၀ စက္ကန့်ကျော်သာ ကျန်တော့ချိန် Buldoog အရှိုက်ကို လက်သီးတစ်လုံးပစ်သွင်းလိုက်ရင်း ခွာသွားချိန် မျက်နှာကို လက်သီးတစ်ချက်ပစ်သွင်းပြန်သည်။ နှစ်ချက်ဆင့်ထိပြီး ဆုတ်သွားသော Bulldog နောက် Van က လိုက်ထိုးရာ ညာဖြောင့်လက်သီးက မေးရိုးထိပြီး နံရံမှီရင်း စတုတ္တအကြိမ် Knockdown ကျကာ ဖင်ထိုင်သွားသော Bulldog ကို အပေါ်စီးက ဆယ်ချက်ကျော် ဘယ်ညာတွဲထိုးလိုက်ရာ အရုပ်ကြိုးပြတ် Bulldog မှာ Terrier ဖြစ်သွားပြီး တုံ့ပြန်မှုမရှိတော့သည့်အဆုံး ဒိုင်က ဝင်တားခဲ့သဖြင့် Van အလဲထိုး အနိုင်ရသွားခဲ့သည်။

Van အောင်ပွဲခံပြီး အဋ္ဌဂံကြိုးဝိုင်းအတွင်းက အဆင်းတွင်မတော့ ပွဲထွက်လာချိန် ခြုံခဲ့သော မြန်မာ့အလံကို အဖွဲ့ဝင်တစ်ဦးက လာပေးပြီး Van ကစည်းခြုံကာထွက်သွားခဲ့သလို ပွဲအပြီးအင်တာဗျူးတွင်လည်း အလံစည်းခြုံကာဖြေနေသည်ကို တွေ့ခဲ့ရသည်။
အသက် ဆယ်နှစ်မပြည့်ခင်က အမေရိကန်ရောက်သွားခဲ့သော ဟားခါးချင်းကလေး Van အဖို့ အမေရိကန်ကို ကိုယ်စားပြုနိုင်သလို မြန်မာ့အလံကို မခြုံ၊ မြန်မာကို ကိုယ်စားမပြုလည်း ရပါသည်။ သို့သော် Van က မြန်မာ့မြေမှာမွေးပြီး မြန်မာ့မြေမှာကြီးကာ မြန်မာ့အရိပ်အသက်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသူများ နိုင်ငံရေးအကျပ်အတည်းကြောင့် မြန်မာ့အလံ မခြုံလိုချိန် ဘက်စုံနိမ့်နေသော မြန်မာနိုင်ငံကို UFC လိုစင်မြင်ထက်တွင်ပင် ခြုံခွင့်ရရန် တစ်စိုက်မတ်မတ် တောင်းဆိုခဲ့သလို ခြုံခွင့်ရသည့် ပွဲနှစ်ပွဲတွင်လည်း သိက္ခာရှိရှိ နိုင်ပွဲရခဲ့ပြန်သည်။
ထာဝရတည်ရှိနေမည့် မြန်မာနိုင်ငံနှင့် ယာယီအုပ်စိုးသော အစိုးရကို ခွဲခြား မြင်နိုင်သည့် အသိဉာဏ်နှင့် နှလုံးသား နိုင်ငံသားတိုင်း ရှိလာချိန်တွင် မြန်မာနိုင်ငံသည် လက်ရှိကာလကဲ့သို့ ဘက်ပေါင်းစုံမှ ဖျက်ဆီးတိုက်ခိုက် သတ်ဖြတ်မှုများ ကင်းဝေးကာ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
သို့သော် ယနေ့အချိန်သည်ကား မြန်မာနိုင်ငံသားအများစုမှာ Van လို အသိဉာဏ်နှင့် ဆင်ခြင်တုံတရား မရှိသည့် အကာလဖြစ်၍ အစိုးရတစ်ရပ်အပေါ် မကျေနပ်ချက်ကို အရင်းတည်ကာ နိုင်ငံပိုင်နှင့် ပြည်သူပိုင်ကို ဖျက်ဆီး၊ ပြည်သူ့အသက်ကို သတ်ဖြတ်ကာ လက်နက်အားကိုး ကြီးစိုးလိုသူများ ဘေးရန်ကို အံခဲကာ ကျော်ဖြတ်နေရဦးမည်သာ ဖြစ်သည်။
