
၇.၆.၂၀၂၅
Written by Hey Mar
အရွယ်နဲ့မမျှတဲ့ အိမ်ထောင့်တာဝန်တွေ ထမ်းပိုးနေရတဲ့ အသက် ဆယ့်နှစ်နစ်အရွယ် သမီးငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ (ကြိုးဆွဲချ) အဆုံးစီရင်တဲ့ဖြစ်စဉ် ဇွန်လ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် အပိုင်ထဲကကျေးရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စု၊ မီးသွေးကျင်းကျေးရွာမှာအဘိုးအဘွားနဲ့ အတူနေတဲ့ ဒုတိယတန်း ကျောင်းသူ အသက် ၁၂ နှစ်အရွယ် မမေဇင်ဦးကအဘိုးဖြစ်သူ၊ လေဖြတ်နေတဲ့ အဘွားဖြစ်သူအပါအဝင် သူ့ထက် နှစ်နစ်ငယ်တဲ့ မောင်ဖြစ်သူတို့နဲ့အတူ နေထိုင်တယ်လို့ သိရပါတယ်။ မိဘနှစ်ပါး သက်ရှိထင်ရှားရှိပေမယ့် ကွဲကွာနေကာ တစ်နေရာစီ နေထိုင်ကြပြီး မမေဇင်ဦးတို့ မောင်နှမကို အဘိုးအဘွားတွေဆီ ထားခဲ့ကြတာလို့ မီးသွေးကျင်း ကျေးရွာမှာနေထိုင်သူ ဒေသခံ တစ်ဦးက MT News ကို ပြောပါတယ်။ ကလေးသဘာဝနဲ့ မတန်တဲ့ အိမ်တွင်းမှု ချက်ပြုတ် လျှော်ဖွပ်တာမှအစ အဘွားဖြစ်သူရဲ့ အညစ်အကြေး ဝေယျာဝစ္စတွေကို သူ့အသက် ရှစ်နှစ်လောက်ကတည်းက လုပ်ကိုင်နေရပြီး အချိုးမကျတဲ့အခါ ရောဂါသည်အဘွားရဲ့ ကြမ်းတမ်းဆဲဆို ပုတ်ခတ်တာ၊ အဘိုးဖြစ်သူရဲ့ ပစ်ပေါက်ရိုက်နှက် ဆဲဆိုကြိမ်းမောင်းသံကိုလည်း မီးသွေးကျင်း ဒေသခံ အိမ်နီးချင်း တချို့ သူတို့အိမ်မှာ နေ့စဉ်လိုကြားနေကြ အသံ တွေလို့လည်း ဆိုပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “အဘိုးရော အဘွားပါ ပါးစပ်ကြမ်းကြတယ်။ တခြား ဦးကြီး၊ဒေါ်ကြီးတော့ မရှိပါဘူး။ မောင်နှမကလည်း အရင်းတွေ။ အဖေ အမေက တစ်နေရာစီရောက်နေပြီ။ ဒီအဘိုးအဘွားလည်း အသက်ကြီးမှ မြေးတာဝန် ဖြစ်နေသလို မြေးလေးတွေကြတော့လည်း လူကြီးနဲ့ တစ်တန်းထဲ လုပ်နေရတာပေါ့။ သေတဲ့နေ့ကလည်း သူက ကျောင်းကပြန်လာတော့ လျှော်ဖွပ် ချက်ပြုတ်၊ အဘွားဝေယျာဝစ္စကအစ အကုန်လုပ် ပေးထားသေးတယ်။ ညနေပိုင်း အဘိုးပြန်လာချိန် ဆူဆဲသံတွေ ကြားတာပေါ့။ ပြီးတော့ ကလေးဒီလို ဖြစ်တယ်ဆိုပြီး အရပ်ထဲ ကြားရတာပဲ ” လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
သမီးငယ် မမေဇင်ဦး ဆွဲကြိုးချလျှက် အိမ်ဘေး နွားတင်းကုတ်ထဲ သေဆုံးနေတာကို မောင်ဖြစ်သူက အရင်မြင်ပြီး အော်ဟစ်ရာကနေ ဘေးနီးဘေးနားက သိရှိကူညီကြပေမယ့် သေဆုံးနေပြီလို့လည်း သိရပါတယ်။ သမီးငယ် မမေဇင်ဦးရဲ့ ရုပ်အလောင်းကို အိုင်ကလောင်ဆေးရုံဆီ ပို့ဆောင်ခဲ့ပြီး ရဲလုပ်ငန်းစဉ်တွေ အရ စုံစမ်းစစ်ဆေးမှုတွေအပြီး ဒီနေ့ မေလ ၇ ရက် နေ့လယ် ၁၂နာရီမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
