
၇. ၆. ၂၀၂၅
written by Nyein Kyaw
ငလျင်ဘေးဒဏ်ကြောင့် စက်ရုံများပိတ်ထားရဆဲဖြစ်၍ မေလတွင်လည်း မြန်မာနိုင်ငံ၏ ကုန်ထုတ် လုပ်မှု ဆက်လက်ဦးစိုက်ကျဆင်းနေကြောင်း ၂၀၂၅ ခုနှစ် မေလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ဧပြီလတွင် ၄၅ ဒသမ ၄ သာရှိခဲ့ရာမှ မေလတွင် ၄၇ ဒသမ ၆ သို့ မြင့်တက်ခဲ့သော်လည်း PMI အညွှန်းကိန်းအလယ်မှတ် ၅၀ အောက်မှာသာ ဆက်ရှိနေပြီး လုပ်ငန်းများ၏ လည်ပတ်မှုအခြေအနေများ ယိုယွင်းမှု ငါးလဆက်တိုက်မြောက်ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် ကျဆင်းမှုဆက်လက်ဖြစ်နေကြောင်း နောက်ဆုံးရဒေတာက ညွှန်ပြနေသော်လည်း အဆိုပါကျဆင်းမှုသည် ဒုတိယသုံးလပတ် စတင်ချိန်တွင် တွေ့မြင်ခဲ့ရသည်ထက် ပိုမိုနည်းပါးခဲ့ကြောင်း၊ ယင်းကာလတွင် ငလျင်၏သက်ရောက်မှုက စွမ်းဆောင်ရည်အပေါ် အကြီးအကျယ် သက်ရောက်မှုရှိခဲ့ပြီး နေရာအနှံ့အပြားတွင် စက်ရုံပိတ်ရခြင်းများကို ဖြစ်စေခဲ့ကြောင်း ဖော်ပြထားသည်။
“လုပ်ငန်းတွေက မတ်လကုန်ပိုင်းမှာ နိုင်ငံအတွင်း လှုပ်ခတ်ခဲ့တဲ့ငလျင်ရဲ့ နောက်ဆက်တွဲတွေကို ဆက်လက်ရင်ဆိုင်နေရတာကြောင့် မေလတွင် ကဏ္ဍတစ်ဝန်းလုံးမှာ စိန်ခေါ်မှုတွေက ဆက်လက်ပြီး စိုးမိုးနေပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Bakuch က ပြောသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ပြီးခဲ့သည့် မတ်လတွင် ပြန်လည်တိုးတက်မှု စတင်ခဲ့သော်လည်း ငလျင်ဘေးဒဏ်ကြောင့် စက်ရုံများထိခိုက်ခဲ့ရမှု၊ ကုန်ပစ္စည်းအမှာစာအသစ်များ သိသိသာသာကျဆင်းခဲ့၍ ဧပြီလတွင် ပြန်လည်ဦးစိုက်ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ဧပြီလထက် အနည်းငယ်သာ တိုးတက်မှုရှိခဲ့ပြီး ဧပြီလနည်းတူ ထုတ်လုပ်မှုများ ဆက်လက်ဦးစိုက်ကျဆင်းနေခြင်းလည်းဖြစ်သည်။
