◾ ဒဏ်ရာရ အမျိုးသမီးငယ် အသက်အန္တရာယ်စိုးရိမ်ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေရပြီး ဖမ်းမိကျူးလွန်သူကို အပြင်းအထန် နာကျင်စေမှုဖြင့် ကနဦး အမှုဖွင့်

၆.၆.၂၀၂၅
Written By Zun
သမီးရည်းစားလူငယ်က ချစ်သူအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီး၍ အမျိုးသမီးငယ်တစ်ဦးစိုးရိမ်ဒဏ်ရာရရှိမှု ယနေ့ ဇွန်လ ၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ဓားဖြင့် အလှီးခံရသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် မဝိုင်းစုခိုင်နှင်းဆိုသူ ဖြစ်ကြောင်း သိရသည်။
ယင်းက သန်လျင်မြို့နယ်တွင် နေထိုင်သူ အသက် ၂၀ ကျော်အရွယ် မင်းနေပိုင်(ခ)မျောက်ကြီး နှင့် လွန်ခဲ့သောနှစ်က ချစ်ကြိုက်ခဲ့ကြကြောင်း သိရသည်။
ယနေ့ ဇွန်လ ၆ ရက် နံနက် ၇ နာရီခွဲ အချိန်ခန့်က မဝိုင်းစုခိုင်နှင်းနှင့် မင်းနေပိုင်(ခ)မျောက်ကြီးတို့ ကမ်းနားလမ်းနှင့်ဗိုလ်တထောင်ဘုရားလမ်းထောင့်တွင် ချိန်းဆိုတွေ့ဆုံကြရာ မင်းနေပိုင်(ခ)မျောက်ကြီး က မဝိုင်းစုခိုင်နှင်းအား သူနှင့်အတူလိုက်ရန်ပြောဆိုရာ မဝိုင်းစုခိုင်နှင်းက မလိုက်ကြောင်း ငြင်းဆန်သဖြင့် မင်းနေပိုင်(ခ)မျောက်ကြီးက အသင့်ပါလာသောအရိုးအသွား ၈ လက်မရှိ ခေါက်ဓါးဖြင့် လည်ပင်းကို လှီးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် မဝိုင်းစုခိုင်နှင်း၏ လည်ပင်းညာဘက်တွင် ပြတ်ရှဒဏ်ရာ သုံးချက်၊ လက်ယာ ဘက်လက်ညှိုး ပြတ်ရှဒဏ်ရာ တစ်ချက်၊လက်ယာဘက် လက်ခလယ်ပြတ်ရှဒဏ်ရာ တစ်ချက် ရရှိခဲ့ကြောင်း သိရသည်။
ကျူးလွန်သူ မင်းနေပိုင်(ခ)မျောက်ကြီးကို ကမ်းနားလမ်းနှင့်ဗိုလ်တထောင်ဘုရားလမ်းထောင့် အနီးရှိ လမ်းသွားလမ်းလာသူများက ဝိုင်းဖမ်း၍ ဗိုလ်တထောင် ရဲစခန်းသို့ အပ်နှံခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူ မင်းနေပိုင်(ခ)မျောက်ကြီးကို ရာဇသတ်ကြီးပုဒ်မ ၃၂၆ – အပြင်းအထန် နာကျင်စေမှု (Grievous hurt) ဖြင့် ကနဦး အမှုဖွင့်ထားသော်လည်း စိုးရိမ်ဒဏ်ရာရ၍ ဆေးကုသမှု ခံယူနေရသော မဝိုင်းစုခိုင်နှင်း၏ အခြေအနေအပေါ်မူတည်၍ ပုဒ်မ အပြောင်းအလဲ ရှိကြောင်း သိရသည်။
