



၆.၆.၂၀၂၅
Written By Zun
ကျောင်းသားများအား စာသင်ခန်းအတွင်း ပါးရိုက်သည့် တရုတ်ကျောင်းဆရာအား “ဝ”ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA က ဖမ်းဆီးလိုက်သည့် သတင်းမှာ မှန်ကန်ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက MT News ကို ပြောသည်။
ယင်းမှာ UWSA ထိန်းချုပ်နယ်မြေ၊ မိုင်းလင်းခရိုင်အတွင်းက စာသင်ကျောင်းတစ်ခုအတွင်း ဖြစ်ပွားခဲ့ကာ
ကျောင်းခန်းအတွင်း စာမလိုက်နိုင်သည့် ကျောင်းသားများအား ယင်း တရုတ်ကျောင်းဆရာက ပါးရိုက်ပြီး ဆုံးမခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ ဇွန်လ ၆ ရက်က လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သောကြောင့် အဆိုပါ တရုတ်ကျောင်းဆရာအား UWSA ၏ တရားစီရင်ရေးဌာနအနေဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်။ ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ပေးမယ်၊အရေးယူသွားမယ်”ဟု ဦးညီရန်းအား MT News က သတင်းနှင့်ပတ်သက်၍ မေးမြန်းစဉ် ပြောပြသည်။
မည်သို့ အရေးယူမည်ကိုမူ လတ်တလော မသိရသေးပေ။