




၆.၆.၂၀၂၅
Written By Thandar
အဆိုတော် စိန်လင်းရဲ့ Today Wedding Studio က ဒိတ်ဒိတ်ကြဲ Wedding Fair ပွဲကြီးကို ယနေ့ ဇွန်လ ၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ Sky Star Hotel မှာ အနုပညာရှင်တွေနဲ့ ပါဝင်ဆင်နွှဲလျှောက်လှမ်းခဲ့ကြပါတယ်။
“ဒီနေ့ ဒိတ်ဒိတ်ကြဲ Wedding Fair ပွဲကြီးမှာ ကျွန်တော်တို့ Today Wedding Studio ကနေပြီးတော့ ဝတ်စုံ Show Round လေးကို ပြသခဲ့တာဖြစ်ပါတယ်။ ဒီ Show Round မှာ ပြသတဲ့ထိုင်မသိမ်းလေးတွေက ခေတ်စားနေတဲ့ ပန်းသခွါးအရောင်လေးတွေကို ဝတ်ဆင်ပေးတယ်။ ညီငယ် ညီမငယ်လေးအနုပညာရှင်တွေကို ကျွန်တော်ကိုယ်တိုင် မိတ်ကပ်လိမ်းခြယ်ပြီးတော့ ဆင်မြန်းပေးထားတာပါ။ အလုပ်တွေများနေတဲ့ကြားထဲက ကျွန်တော့်ကိုချစ်ခင်စွာနဲ့ မေတ္တာနဲ့လာရောက်ပြီး ကူညီပြီး ရှိုးလျှောက်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်”လို့ အဆိုတော်စိန်လင်း (Today Wedding Studio )ပဲ့ကိုင်ရှင်က MT Entertainment ကိုပြောပါတယ်။
အဆိုတော် စိန်လင်းက အခမ်းအနားမှူးလုပ်ဆောင်ခဲ့သလို အနုပညာရှင်တွေဖြစ်တဲ့ အလင်းသစ်၊ ပီမန်း၊ မီကိုခန့်၊ ဟန်သီ၊ သံစဉ်မောင်၊ ဆောင်းယွန်းစံနဲ့ မေခွန်အားတို့က မြန်မာရိုးရာထိုင်မသိမ်းဝတ်စုံတွေနဲ့ လျှောက်လှမ်းခဲ့ကြပါတယ်။
ရွှေကြိုသရုပ်ဆောင် ပီမန်းကလည်း တေးသီချင်းနှစ်ပုဒ်၊ အဆိုတော် စိန်လင်းက သီချင်းသစ်တစ်ပုဒ်နဲ့ သီဆိုဖျော်ဖြေခဲ့ရာ သရုပ်ဆောင် ဂန္တဝင်နဲ့ ပရိသတ်တွေက လက်ဆောင်တွေပေးအပ်ခဲ့ကြပါတယ်။
အဆိုတော်စိန်လင်းကတော့ Wedding လောကကို ဆယ်စုနှစ်များဖြတ်သန်းခဲ့သူလည်းဖြစ်ပြီး လက်ရှိအချိန်မှာ Today Wedding Studio ကို ပြန်လည်စတင်အသက်သွင်းနေတာလည်းဖြစ်ပါတယ်။