
၇.၆.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလရဲ့ ပထမလဝက်အတွင်း ကျင်းပပေးသွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်စ်က ဇွန်လ ၆ ရက်မှာပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာစီနာကို ၂၀၂၄ ခုနှစ်က ကျောင်းသားတွေ ခေါင်းဆောင်တဲ့ ဆူပူဆန္ဒပြမှုအတွင်း ဖြုတ်ချခဲ့ပြီးနောက် နိုဘယ်လ်ဆုရှင် ယူနွတ်စ်က ၂၀၂၄ ခုနှစ် သြဂုတ်လကစလို့ အကြံပေးပုဂ္ဂိုလ်အဖြစ် ကြားဖြတ်အစိုးရကို ခေါင်းဆောင်အုပ်ချုပ်လာတာပါ။
ဒါပေမယ့် ယူနွတ်စ်ရဲ့ ကြားဖြတ်အစိုးရအနေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာပဲ နိုင်ငံအတွင်း မကျေနပ်မှုတွေကို ရင်ဆိုင်လာရတာပါ။မေလအတွင်းမှာတော့ လုပ်ခ ပိုမိုတောင်းဆိုလာမှုတွေ၊ အချိန်ယူစုံစမ်းစစ်ဆေးမှုတွေမပြုဘဲ အစိုးရဝန်ထမ်းတွေကို အကျင့်သိက္ခာပျက်ပြားမှုတွေနဲ့ အလုပ်ကထုတ်ခဲ့မှုတွေနဲ့ ဆက်စပ်လို့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ယူနွတ်စ်က ဇွန်လ ၆ ရက်ကပြောခဲ့တဲ့မိန့်ခွန်းမှာ “အခုဖြစ်နေတဲ့ လှုပ်ရှားမှုတွေအပေါ် သုံးသပ်ပြီးတော့ အထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလရဲ့ ပထမလဝက်အတွင်း တစ်ရက်ရက်မှာကျင်းပပေးဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်” လို့ပြောခဲ့ပါတယ်။
ယူနွတ်စ် က ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲပေးဖို့အတွက် လမ်းပြမြေပုံအသေးစိတ်ကို သင့်တော်တဲ့အချိန်မှာ ပံ့ပိုးပေးမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ သူ့အနေနဲ့ ဘယ်ပါတီဘက်မှ လိုက်ပါဆောင်ရွက်မှာမဟုတ်ဘဲ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့လည်း စိတ်မဝင်စားဘူးလို့ပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားပါတီ(BNP) အပါအဝင် အတိုက်အခံပါတီတွေက ကြားဖြတ်အစိုးရကို ရွေးကောက်ပွဲကိုစောစီးစွာ ကျင်းပပေးဖို့ တောင်းဆိုနေကြတာပါ။ သူတို့က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးထားပြီးရွေးကောက်ပွဲကျင်းပမပေးရင် ပြည်သူတွေကြားမကျေမချမ်းမှုတွေနဲ့ အတူ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။
BNP ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဟေင် ခါလီဒါဇီယာဟာ ၂၀၀၈ ခုနှစ်က လာဘ်စားမှုပြုခဲ့တယ် ဆိုတဲ့အမှုနဲ့ ထောင်ဒဏ်ကျခံနေရရာက ဇန်နဝါရီလမှာ တရားသေလွတ်ခဲ့တာကြောင့် သူ့အတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ လမ်းဖွင့်ပေးသလိုဖြစ်ခဲ့ပါတယ်။
ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဟာစီနာရဲ့ အဝါမီလိဂ် ပါတီကိုတော့ ရွေးကောက်ပွဲကော်မရှင်က မေလအတွင်း မှတ်ပုံတင်ခွင့်ဆိုင်းငံ့ထားခဲ့ရာမှာ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခွင့်ကိုလည်းထိရောက် စွာ တားမြစ်ခံခဲ့ရပါတယ်။
ယူနွတ်စ် အစိုးရကလည်း ၂၀၂၄ ခုနှစ် ဆန္ဒပြပွဲတွေအပြီး အမျိုးသားလုံခြုံရေးခြိမ်းခြောက်လာနိုင်တယ် လို့ဆိုကာ အကြမ်းဖက်မှုဆန့်ကျင် ရေးဥပဒေအရ အဝါမီလိဂ်ပါတီရဲ့ လှုပ်ရှားမှုတွေကို အစောပိုင်းကာ လထဲက ပိတ်ပင်ထားခဲ့တာပါ။
Ref , Reuters