




၇.၆.၂၀၂၅
Written By Thandar
ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ချယ်ရီမိုးက ယနေ့ ဇွန်လ ၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်က စတင်ထွက်ခွာခဲ့ပါတယ်။
“ချယ်ရီ Placement ကောင်းတစ်ခုရဖို့အတွက် ကိုယ်တိုင်လည်း အကောင်းဆုံး တစ်နှစ်အချိန်ယူပြီး ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ချယ်ရီ့အနေနဲ့ အကောင်းဆုံး ကြိုးစားယဉ်ပြိုင်မှာပါ။ ခုလည်း ပြိုင်ပွဲအတွက် စတင်ထွက်ခွာရလို့ စိတ်လှုပ်ရှားပြီး ရင်ခုန်နေပါတယ်။ တကယ်လို့ မျှော်လင့်ထားသလို Placement လေးကောင်းကောင်း မရခဲ့ရင်လည်း အကောင်းဆုံးလည်း စိတ်ကို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ချယ်ရီပြိုင်ပွဲတစ်လျှောက်လည်း နိုင်ငံကိုယ်စားပြုအလှမယ်ဖြစ်လို့ ဝိုင်းဝန်းအားပေးကြဖို့လည်း ပြောချင်ပါတယ်” လို့ Miss Supranational Myanmar 2025 အလှမယ် ချယ်ရီမိုးက ပြောပါတယ်။
သူမကတော့ နိုင်ငံတကာ ကိုယ်စားပြုအလှမယ်တွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးယား၊ ပိုလန်၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ ဩစတေးလျ စတဲ့ နိုင်ငံပေါင်း ၇၀ ကျော်က အလှမယ်တွေနဲ့အတူ ရင်ပေါင်တန်းဝင်ရောက်ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။ National Costume ကိုတော့ မြန်မာယဉ်ကျေးမှု အနှစ်သာရကို ပြည့်ပြည့်ဝဝဖော်ပြသွားမယ့် အငွေ့အသက်တွေ ပါဝင်တာတွေကို ချပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။