၆. ၆. ၂၀၂၆
Translated by Thettant
ချင်းမိုင်တက္ကသိုလ်မှ ကျောင်းသားဆယ်ဦးသည် တစ်ရက်တာအတွင်း အွန်လိုင်းလိမ်လည်မှုများကြုံတွေ့ခဲ့ရပြီး ဘတ်ငွေ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဖြစ်စဉ် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သလို ယင်းလိမ်လည်မှုများကြောင့် တက္ကသိုလ်အာဏာပိုင်များနှင့် ဒေသခံရဲတပ်ဖွဲ့က လိမ်လည်မှုများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ရသည်ဟု The Thaiger သတင်းဌာနက ယခုဖော်ပြသည်။
ဘူဘင် ရာဂျာနီဗတ်စ် ရဲစခန်းမှ ရဲမှူးကြီး မနတ်ချိုင်း အင်သီယန်က ပြောကြားချက်အရ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ရှည်လျားသော အားလပ်ရက်အတွင်း လိမ်လည်မှုများ ပိုမိုများပြားလာခဲ့ကြောင်း ပြောကြားခဲ့သည်။ ဖြစ်စဉ်တစ်ခုတွင် ကျောင်းသားတစ်ဦးသည် အရောင်းအဝယ်လေးခုဖြင့် ဘတ်ငွေ နှစ်သန်းကျော် လွှဲပြောင်းပေးရန် လှည့်ဖြားခံခဲ့ရသည်။ လိမ်လည်သူများသည် တက္ကသိုလ်၏ ခေါင်းစီးပါသော စာအတုများနှင့် တက္ကသိုလ်ပါမောက္ခချုပ်၏ လက်မှတ်အတုကဲ့သို့သော စာရွက်စာတမ်းအတုများကို အသုံးပြု၍ ကျောင်းသားနှင့် ၎င်း၏မိသားစုကို လှည့်ဖြားခဲ့ကြသည်။ ၎င်းတို့သည် သားကောင်၏ လုပ်ဆောင်မှုများကို ထိန်းချုပ်ရန် နှစ်ရက်ကြာ ဗီဒီယိုခေါ်ဆိုမှုများမှတစ်ဆင့် အဆက်မပြတ် ဆက်သွယ်ခဲ့ကြသည်။
ကျောင်းသား၏မိခင် ပြောဆိုချက်အရ ယင်းတို့ မိသားစုသည် ဘတ် ၄ သိန်းမှ ၆ သိန်းကြားရှိငွေများကို အရစ်ကျလေးကြိမ်ဖြင့် ငွေလွှဲပြောင်းပေးခဲ့ပြီး အချို့မှာ ချေးယူခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် လိမ်လည်သူများနှင့် အဆက်အသွယ်ပြတ်သွားကြောင်း နောက်ပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အခြားဖြစ်ရပ်တစ်ခုတွင် ကျောင်းသူတစ်ဦးအား နားကြပ်တပ်ရန်နှင့် ဓားတစ်ချောင်းဆောင်၍ တွန်းလှည်းဖြင့် ရဲစခန်းသို့သွားရန် ညွှန်ကြားခံခဲ့ရသည်။ သူမသည် တာဝန်ကျအရာရှိရှေ့တွင် ထိုင်နေစဉ် အရာရှိက တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိပြီးနောက် အခြေအနေကို ဖြေရှင်းကာ ဓားကို သိမ်းဆည်းခဲ့ရသည်။
ရဲတပ်ဖွဲ့က ဤလိမ်လည်မှုများသည် ခြိမ်းခြောက်မှုများနှင့် စီစဉ်ထားသော ညွှန်ကြားချက်များမှတစ်ဆင့် စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှုနှင့် ထိန်းချုပ်မှုအပေါ် မှီခိုနေရကြောင်း ရှင်းပြခဲ့သည်။ လိမ်လည်ခံရသည့် တက္ကသိုလ်ကျောင်းသား သားကောင်များစွာသည် ပညာရေးအရ ထူးချွန်သော်လည်း ဘဝအတွေ့အကြုံ နည်းပါးသောကြောင့် ထိခိုက်လွယ်ခဲ့ကြောင်းလည်း ရှင်းပြခဲ့သည်။
ကျောင်းသား ၁၀ ဦးအနက် ငါးဦးသည် အွန်လိုင်းလိမ်လည်ခေါ်ဆိုမှုများ၏ သားကောင်ဖြစ်ခဲ့ကြသည်။ အခြားသော ငါးဦးကြုံရသည့် နည်းလမ်းများတွင် အစိုးရအရာရှိများအဖြစ် ဟန်ဆောင်ခြင်း၊ ခြိမ်းခြောက်မှုများ သို့မဟုတ် ငွေညှစ်မှုများဖြင့် ဗီဒီယိုခေါ်ဆိုမှုများအတွင်း အတင်းအကျပ်ပြုလုပ်ခြင်းနှင့် လိမ်လည်သော ပညာသင်ဆုကမ်းလှမ်းမှုများ ပါဝင်သည်။ ထိုနည်းတူ အဖြစ်များသော လိမ်လည်မှုများတွင် အွန်လိုင်းတွင် တစ်ခါမျှ မပေါ်ပေါက်ခဲ့သော အချိန်ပိုင်းအလုပ်ကမ်းလှမ်းမှုအတုများ သို့မဟုတ် အွန်လိုင်းမှ ဝယ်ယူမှုများလည်း ပါဝင်ခဲ့သည်။
ရဲတပ်ဖွဲ့သည် ကျောင်းသားများကို လိမ်လည်ခဲ့သော သက်ဆိုင်ရာဘဏ်အကောင့်များကို ပိတ်ဆို့ထားပြီး ငွေကြေးလွှဲပြောင်းမှုများကို ခြေရာခံနေသည်။ အချို့သော အလိမ်ခံရငွေများကို ပြန်လည်ရရှိထားသော်လည်း ကိစ္စများစွာမှာမူ ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ ဘတ် ၂ သန်းလိမ်လည်ခံရသည့်အမှုတွင် ကျောင်းသား၏မိသားစုသည် ဘဏ်အကောင့်နှင့် ဖုန်းနံပါတ်ကို ဖော်ထုတ်နိုင်ခဲ့သော်လည်း ငွေလွှဲလက်ခံရရှိသည့်အကောင့်ပိုင်ရှင်သည် ရဲတပ်ဖွဲ့၏ ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေရသောကြောင့် ငွေကြေးပြန်လည်ရရှိမှု အခြေအနေမှာ တိုးတက်မှုမရှိကြောင်း ဘန်ကောက်ပို့စ် (Bangkok Post) က ဖော်ပြခဲ့သည်။
ချင်းမိုင်တက္ကသိုလ်သည် အဆိုပါ လိမ်လည်ခံရမှုဖြစ်စဉ်များအတွက် ကျောင်းသားသစ်ကြိုဆိုပွဲနှင့် အခြားလှုပ်ရှားမှုများအတွင်း အချက်အလက်နှင့် အထောက်အပံ့များပေးရန် ဒေသခံရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည်။ ကျောင်း၏ အဓိကဒေတာဘေ့စ်ချိုးဖောက်မှု လက္ခဏာမရှိဘဲ ဤလိမ်လည်မှုများသည် သီးခြားဖြစ်ရပ်များဖြစ်ပုံရသည်ဟုလည်း သုံးသပ်ထားသည်။
လက်ရှိအခြေအနေတွင် အွန်လိုင်းလိမ်လည်ခေါ်ဆိုမှုလုပ်ငန်းများ ဆက်လက်တည်ရှိနေသောကြောင့် ကျောင်းသားများနှင့် ၎င်းတို့၏မိသားစုများအား သတိထားရန် တိုက်တွန်းထားသည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် ကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးကုမ္ပဏီများ၊ ဘဏ်များ၊ အင်တာနက်ဝန်ဆောင်မှုများ နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သော အမျိုးသားရေး ကြိုးပမ်းမှုဖြင့် ပိုမိုခိုင်မာ၍ ပိုမိုရှင်းလင်းသော အစီအမံများကို အကောင်အထည်ဖော်ရန် လိုအပ်နေသည်ဟုလည်း The Thaiger က ထောက်ပြထားသည်။
Ref, The Thaiger
