၆.၆.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီက ကမ္ဘာ့အမြင့်ဆုံး ရထားတံတားဖြစ်တဲ့ ချီနတ်ရထားတံတားကို အိန္ဒိယနိုင်ငံ၊ ဂျမ်မူးနဲ့ ကက်ရှမီးယားပြည်နယ်အတွင်း ချီနတ်မြစ်ကို ဖြတ်ကျော်တည်ဆောက်ပြီး ဇွန်လ ၆ ရက်မှာ ဖွင့်လှစ်ပေးလိုက်တာကြောင့် အိန္ဒိယနိုင်ငံရဲ့ ခရီးသွားလာရေး အခြေခံအဆောက်အအုံကဏ္ဍမှာ သမိုင်းဝင်တည်ဆောက်မှုတစ်ရပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၆ ရက် နံနက်မှာ ဝန်ကြီးချုပ်မိုဒီက ယူဒမ်ပူရ်မြို့ရှိ လေတပ်စခန်းမှာ ဆင်းသက်ကာ ချီနတ်တံတားနေရာကို တရားဝင်ဖွင့်လှစ်ပေးဖို့အတွက် ဆက်လက်သွားရောက်ခဲ့တာပါ။ ဒါက ဆင်ဒူးစစ်ဆင်ရေး ဆင်နွှဲခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ်ရဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်သို့ ပထမဆုံးလာရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ လူ ၂၆ ယောက်သေဆုံးခဲ့ရတဲ့ ပါဟာလ်ဂမ် အကြမ်းဖက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယက နယ်စပ်အနီး ပါကစ္စတန်ပိုင်နက်အတွင်းရှိနေတဲ့ အကြမ်းဖက်စခန်းတွေကို ဆင်ဒူး စစ်ဆင်ရေး အမည်ခံပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။
ချီနတ် မီးရထားတံတားက မြစ်အထက် ၃၅၉ မီတာအမြင့်မှာတည်ရှိပြီး ကမ္ဘာ့အမြင့်ဆုံး မီးရထား ခုံးတံတားဖြစ်ပါတယ်။ တံတားကို ငလျင်ဒဏ်နဲ့ လေတိုက်ခတ်မှုအခြေအနေတွေကို ခံနိုင်ရည်ရှိစေဖို့ ဒီဇိုင်းထုတ်ထားပြီး အရှည် ၁၃၁၅ မီတာရှိတဲ့ သံမဏိခုံးတံတားဖြစ်ပါတယ်။ တံတားက ဂျမ်မူးနဲ့ ဆရီနဂါတို့အကြား ဆက်သွယ်မှုကို တိုးမြှင့်ပေးနိုင်ပါလိမ့်မယ်။
ဒီတံတားက ချီနတ်မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားတာလည်းဖြစ်ပြီး အသစ်ဖောက်လုပ်မယ့် ယူဒမ်ပူရ်-ဆရီနဂါ-ဘာရာမျူလာ ရထားလမ်းစီမံကိန်းရဲ့ လမ်းပိုင်းပေါ်မှာလည်း တည်ရှိတာပါ။ ဒီရထားလမ်းစီမံကိန်းကို ခန့်မှန်း ရူပီးငွေ သန်းပေါင်း ၄၃၇,၈၀၀ အကုန်အကျခံဖောက်လုပ်နေတာဖြစ်ပြီး အရှည် ၁၁၉ ကီလိုမီတာရှိ လိုဏ်ခေါင်း ၃၆ ခုနဲ့ တံတား ၉၄၃ ခုတို့ ပါဝင်ပါတယ်။ ဒီရထားလမ်းက ကက်ရှ်မီးယားပြည်နယ်နဲ့ အိန္ဒိယရဲ့အခြားဒေသတွေကို ရာသီမရွေးဆက်သွယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
Ref- Hindustan Times


