◾️ပြည်တွင်းရှိ အလုပ်ရှင်၊ အလုပ်သမား၊ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှု မရှိနိုင်သောကြောင့် စိုးရိမ်မှုမရှိဘဲ လုပ်ငန်းခွင်များ အေးချမ်းစွာ ဆက်လက်လုပ်ကိုင်နိုင်မည်ဟုပါ ဆို
၆. ၆. ၂၀၂၅
Written by Nyein Kyaw
ILO မှ မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်သည် နိုင်ငံရေးဆိုင်ရာချဉ်းကပ်မှုများအပေါ်အခြေခံကာ တစ်ဖက်သတ်တောင်းဆိုထားသည့် ဆုံးဖြတ်ချက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို မထိပါးစေသောပူးပေါင်းမှုများအား ILO နှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်သည်။
ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ ကျင်းပနေစဉ် ကာလအတွင်း ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်ကို လေ့လာခဲ့ရာ ILO ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှုများအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအပေါ် ILO မျက်နှာစာမှတစ်ဆင့် ဖိအားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်ဖက်သတ်တောင်းဆိုထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရသည်ကို ဖော်ပြထားသည်။
ILO မှ ချမှတ်သော ဆုံးဖြတ်ချက်သည် နိုင်ငံရေးကို ဖိအားပေးလို၍ ဆုံးဖြတ်ထားသည့် အချက်အလက်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လုပ်ကိုင်နေကြသည့် အလုပ်ရှင်များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ မရှိနိုင်သောကြောင့် စိုးရိမ်မှုမရှိဘဲ လုပ်ငန်းခွင်များတွင် အေးချမ်းစွာ ဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အလုပ်သမားထု၏ အခွင့်အရေးများ ဥပဒေနှင့်အညီ တိုးတက်မှုရရှိရေး၊ လူမှုဘဝများဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးအတွက် ILO အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ထိတွေ့လျက် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို မထိပါးစေသော ပူးပေါင်းမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်သည်ဟု ဖော်ပြသည်။
ဇွန်လ ၅ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင် ILO က မြန်မာနိုင်ငံ၏ အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများအပြင် အထူးသဖြင့် ILO ၏ လွတ်လပ်စွာ သင်းပင်းဖွဲစည်းခွင့်နှင့် စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ နှင့် အဓမ္မအလုပ်ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ များကို ကျူးလွန်ချိုးဖောက်မှုများကြောင့် Article 33 အရ မြန်မာနိုင်ငံအပေါ် အရေးယူရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
