
၆.၆.၂၀၂၅
Written By Zun
အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်ကို AA လက်နက်ကိုင်များနှင့် ဒွေးရောယှက်တင် အတူနေထိုင်ပြီး AA အားပေးသူ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်မှုတွင် သံသယရှိသူ ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
အဆိုပါ အမှုမှာ ပြီးခဲ့သည့် မေလ ၆ ရက်က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် ဖြစ်ပွားခဲ့သော အမှုဖြစ်ပြီး MT News က ဖော်ပြခဲ့ပြီးဖြစ်သည့် သတင်းလည်း ဖြစ်သည်။
မိန်းကလေးငယ်အား သက်ငယ်မုဒိမ်းပြုကျင့် သတ်ဖြတ်သူမှာ အသက် (၃၀) အရွယ် မင်းပြားမြို့နယ်၊ ငါးမန်းရိပ်ကျွန်းနေသူ မောင်မြသန်း ဆိုသူဖြစ်ပြီး မိန်းကလေးငယ်အား မုဒိန်းကျင့်ကာ ဦးခေါင်းကို တုတ်ဖြင့် ထုရိုက်၊ သတ်ဖြတ်၍ သစ် ပင်တွင် တွဲလောင်းချိတ်ဆွဲထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှု နှင့်ပတ်သက်၍ ခိုင်သုခက AA လက်နက်ကိုင်တို့ထိန်းချုပ်ထားသည့် မင်းပြားစခန်း၌ (ပ) ၆၀/၂၀၂၅ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၇၆ ဖြင့် ဖားပြိုရွာမှ အမျိုးသမီးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုအတွက် သံသယရှိသူ (၈) ဦးကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS) အနေဖြင့် ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သူ၏ လူမှုကွန်ရက်တွင် ရေးသား ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ယင်းအပြင် အဆိုပါ သံသယရှိသူများကို တရားစွဲတင် ပြစ်ဒဏ်ပေးနိုင်ရေး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ရေးသား ထုတ်ပြန်ထားသည်။
