◾ ထရန့် က အီလွန်မာ့စ်ခ်ကို ရူးမလိုလိုဖြစ်နေပြီလို့ပြော၊ မာ့စ်ခ်က ထရန့်ကို ကျေးဇူးကန်းတဲ့လူအဖြစ် စွပ်စွဲ

၆.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့် နဲ့ သူ့ရဲ့ အကြံပေးအရာရှိဟောင်းဖြစ်ခဲ့တဲ့ ဘီလျံနာ အီလွန်မာ့စ်ခ် တို့အကြား မမျှော်လင့်ဘဲဖြစ်လာခဲ့ရတဲ့ စိတ်ဝမ်းကွဲမှုက ဘီလျံနာက သမ္မတထရန့်ရဲ့ အဓိကကျတဲ့ပြည်တွင်းမူဝါဒတွေထဲက တစ်ခုကို ဝေဖန်ခဲ့အပြီးမှာတော့ တစ်ယောက်နဲ့တစ်ယောက် လူသိရှင်ကြားအပြန်အလှန်စော်ကားပြောဆိုမှုတွေအထိ ဖြစ်လာကြတာကိုတွေ့ရပါတယ်။
ဘီလျံနာကြီးနှစ်ဦးလို့ပဲဆိုရမယ့် ထရန့်နဲ့မာ့စ်ခ်တို့က ဇွန်လ ၅ ရက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် မခံချိမခံသာစကားတွေနဲ့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ အပြန်အလှန်ရေးသားလာကြရာမှာတော့ ရွေးကောက်ပွဲကာလကစလို့ မဟာမိတ်တွေအဖြစ်ရှိခဲ့ကြတဲ့ သူတိုနှစ်ဦးကြား ရန်ပွဲက အရှိန်မြင့် လာခဲ့ပါတယ်။

သမ္မတ ထရန့်က သူအဆိုပြုခဲ့တဲ့ အစိုးရရဲ့ အသုံးစရိတ် ဥပဒေမူကြမ်းကို မာ့စ်ခ်က ဝေဖန်မှုတွေပြုလုပ်တာက ကောင်းမွန်လှတဲ့ဆက်ဆံရေးကို အဆုံးသတ်စေနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။ မာ့စ်ခ်ကတော့ ထရန့်ကို ကျေးဇူးကန်းတဲ့လူအဖြစ်စွပ်စွဲပြောကြားခဲ့ပြီး ပြီးခဲ့တဲ့သမ္မတ ရွေးကောက်ပွဲမှာ သူကသာ ကူညီမှုမပြုခဲ့ရင် ထရန့်ဟာ ဒီမိုကရက်တွေကို ရှုံးမှာပေါ့လို့ ပြောခဲ့ပါတယ်။
ဒီမှာ သမ္မတ ထရန့်က မာ့စ်ခ်ရဲ့ ကုမ္ပဏီတွေနဲ့ အစိုးရကသဘောတူထားတဲ့ ကန်ထရိုက်စာချုပ်တွေအားလုံး အဆုံးသတ်ပစ်လိုက်မယ်၊ ထောက်ပံ့မှုတွေ ရပ်ပစ်လိုက်မယ် လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဒါ့ပြင် ထရန့်က ဘီလျံနာအီလွန်မာ့စ်ခ်ဟာအစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူနေရာက သူ့တာဝန်တွေသက်တမ်းကုန်ချိန်မှာတော့ ‘ရူးမလိုလို ဖြစ်သွားပြီ’ လို့ ဆိုခဲ့ပါသေးတယ်။

ထရန့်က“ကျွန်တော်က သူ့ကိုတာဝန်က ထွက်ခိုင်းလိုက်တယ်။ ဘယ်သူမှမလိုချင်တဲ့ သူ့ကုမ္ပဏီ ရဲ့ လျှပ်စစ်ကားတွေ လူတိုင်းကိုဝယ်စေဖို့လုပ်ပိုင်ခွင့်ကို ကျွန်တော်က ဖယ်ရှားလိုက်တယ်။ ဒီမှာ ‘ရူးမလိုလို ဖြစ်သွားတာပဲ’ လို့ ဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ အမေရိကန်အစိုးရရဲ့ အသုံးစရိတ်မှာ ဒေါ်လာဘီလျံပေါင်းများစွာ လျော့ကျစေဖို့ အလွယ်ဆုံးနည်းလမ်းကတော့ မာ့းတာပါစ်ခ်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ အစိုးရထောက်ပံ့ကြေးနဲ့ လုပ်ဆောင်နေတဲ့စာချုပ်တွေကို ရပ်ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်က ဒါကို မလုပ်ခဲ့တာကို ကျွန်တော် အမြဲတမ်း အံ့သြမိတယ်။” လို့ ထရန့်က ဆက်ပြောခဲ့ပါတယ်။
Tesla ကုမ္ပဏီရဲ့ SpaceX နှင့် Starlink အပါအဝင် မာ့စ်ခ် ရဲ့ကုမ္ပဏီတွေဟာ အမေရိကန်အစိုးရနဲ့ တိုက်ရိုက်အဆက်အသွယ်ရှိပြီး အခြားစီးပွားရေးလုပ်ငန်းတွေလိုပဲ ထောက်ပံ့မှုတွေနဲ့ အခွန်လျှော့ပေါ့မှုတွေ အကျိုးခံစားခွင့်ရရှိထားတာပါ။
Ref- BBC, Tass
