
၆. ၆. ၂၀၂၅
Translated by Tha Doe
တရုတ်နိုင်ငံမှာ ကိုယ့်မိခင်နဲ့ ချစ်သူတို့နှစ်ဦးကို သတ်ဖြတ်ပြီးနောက်မှာ အကိုတော်စပ်သူရဲ့ ဇနီးနဲ့အတူ ၃၂ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့သူကို ဖမ်းမိတဲ့ အမှုတစ်ခုက ဒီရက်ပိုင်းမှာ ထင်ရှားလာခဲ့ပြီး တရုတ်ပြည်မကြီးရဲ့ လူမှုမီဒီယာသုံးစွဲသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
◾️ မိခင်နဲ့ ချစ်သူကို သတ်ပြီ
လီလို့ အမည်ဖော်ပြထားတဲ့ တရားခံအမျိုးသားဟာ သူ့အသက် ၂၉ နှစ်အရွယ် ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ ဝေယွမ်ခရိုင်က သူတို့နေထိုင်ရာ ကျေးရွာတစ်ရွာမှာ သူ့မိခင်နဲ့ အသက် ၁၇ နှစ်အရွယ် ချစ်သူတို့ကို မီးဖိုချောင်သုံးဓားနဲ့ ထိုးသတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။
ရာဇဝတ်တရားခံ လီကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကမှ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ဒီနှစ် ၂၀၂၅ ခုနှစ် မေလကုန်ကြမှ တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV က ရာဇဝတ်ဘေးပြေးမလွတ်တဲ့ အဆိုပါအမှုအခင်းရဲ့ အသေးစိတ်အချက်အလက်တွေကို အများပြည်သူသိအောင် ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။
◾️ တရားခံကို ခြေရာခံဖို့ ခက်ခဲခဲ့
တရုတ်ရဲတပ်ဖွဲ့ဟာ ဒီ နှစ်လောင်းပြိုင် လူသတ်မှုမှာ ကျူးလွန်သူကို သိရှိခဲ့ပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုကာလရဲ့ ဆက်သွယ်ရေးနဲ့ နည်းပညာ ကန့်သတ်ချက်တွေကြောင့် လီ့ကို ဖမ်းဆီးနိုင်ဖို့ အရေးပါတဲ့ သဲလွန်စတွေ ခြေရာခံလို့ မတွေ့ရှိနိုင်အောင် ဖြစ်ခဲ့ရတာကြောင့် နောက်ဆုံးမှာတော့ ဒီအမှုဟာ ၃၁ နှစ်တာကာလ ကြာမြင်သွားခဲ့ရပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အမှုကို ပြန်လည်စစ်ဆေးရာမှာ စုံစမ်းစစ်ဆေးသူတွေဟာ တရားခံ လီထွက်ပြေးပြီး နှစ်လအကြာမှာ သူ့အစ်ကိုရဲ့ ဇနီးသည်ဟာလည်း ထူးဆန်းစွာ ပျောက်ဆုံးသွားတယ်ဆိုတာကို မမျှော်လင့်ဘဲ စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။ လီရဲ့အစ်ကိုဖြစ်သူက သူတို့ ဇနီးမောင်နှံနှစ်ဦး ဆက်ဆံရေးမပြေလည်တာကြောင့် ရဲကို အကြောင်းမကြားခဲ့တာကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကျေးရွာမှာ ပျံ့နှံ့နေတဲ့ ကောလာဟလတစ်ခုက လီရဲ့အကိုဖြစ်သူ ဇနီး ဂူ လို့ အမည်ဖော်ပြခံရတဲ့ အမျိုးသမီးဟာ အရင်တုန်းက သူမနဲ့ မတ်တော်စပ်သူ လီနဲ့ ဖောက်ပြန်ခဲ့ဖူးတယ်ဆိုတာကို သိရှိခဲ့ရပြီး ဒီအချက်က တရုတ်ရဲတပ်ဖွဲ့ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ဒါကြောင့် တရုတ်ရဲတပ်ဖွဲ့က ဂူရဲ့မိသားစုကို စုံစမ်းစစ်ဆေးခဲ့ရာမှာ မိသားစုရဲ့ ထွက်ဆိုချက်အရ “လီဟာ ၂၀၁၃ ခုနှစ်တုန်းက မိသားစုထံ လာရောက်လည်ပတ်ခဲ့ပြီး အဲဒီအချိန်က သူမမှာ သားတစ်ဦးနဲ့ သမီးတစ်ဦးရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမဲ့လည်း မိသားစုကို သူမနေထိုင်ရာနေရာ ပြောပြခဲ့မှုမရှိတာ” ကို တရုတ်ရဲ အရာရှိတွေဟာ ဖော်ထုတ် သိရှိလာခဲ့ရပါတယ်။

◾️ ဂူကို ခြေရာခံပြီ
အဲဒီလို သိရှိခဲ့ပြီးနောက်မှာ တရုတ်ရဲတပ်ဖွဲ့ဟာ ဂူတစ်ချိန်က အသုံးပြုခဲ့ဖူးတဲ့ ဆဲလ်ဖုန်းနံပါတ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီ ဆဲလ်ဖုန်းနံပါတ်ကို ခြေရာခံပြီးနောက်မှာ တရုတ်ရဲအရာရှိတွေက ဂူဟာ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်၊ ကျန်မန်မြို့မှာ နေထိုင်ဖွယ်ရှိတယ်လို့ ကောက်ချက်ချနိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာ တရုတ်ရဲတပ်ဖွဲ့ဟာ ကျန်မန်မြို့တော်က လမ်းမကြီးတွေပေါ်မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကို စစ်ဆေးရှာဖွေချိန်မှာ ဂူနဲ့ အလွန်တူတဲ့ အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံမှာ အသုံးပြုတဲ့ ခြေနင်းပါ ဆိုက်ကားပုံစံ Pediacb ပေါ် တွေ့ရှိခဲ့ကြပါတယ်။
အဲဒီ သုံးဘီး Pediacb လမ်းကြောင်းအတိုင်း လိုက်လံစုံစမ်းတဲ့ တရုတ်ရဲအရာရှိတွေဟာ ကျန်မန်မြို့ဆင်ခြေဖုံးက ရွာငယ်လေးတစ်ရွာကို ရောက်ရှိသွားကြလို့ ဓာတ်ပုံတွေပြ မေးမြန်းချိန်မှာ အဲဒီရွာက ရွာသားတွေဟာ ပုံထဲက အမျိုးသမီးနဲ့သူမရဲ့ ခင်ပွန်းတို့ဟာ စီချွမ်လေသံနဲ့ ပြောဆိုကြပြီး နှစ် ၃၀ ခန့် အဲဒီရွာမှာ နေထိုင်ခဲ့ကြကာ သားတစ်ဦးနဲ့ သမီးတစ်ဦးကို ပြုစုပျိုးထောင်ခဲ့ကြောင်း ပြောကြားခဲ့ကြတာပါ။
◾️ တရားခံကို အတည်ပြုနိုင်ပြီးနောက်မှာ အသွင်ယူ ဖမ်းဆီးကြပြီ
ရဲတပ်ဖွဲ့က ခြေရာခံမိတဲ့ စုံတွဲဟာ လူသတ်တရားခံပြေးလီနဲ့ သူ့အကိုရဲ့ ဇနီးဟောင်း ဂူတို့ဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့အပြီးမှာ တရုတ်ရဲအရာရှိတစ်ဦးဟာ လီအလုပ်လုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်သား အသွင်ယူကာ ချဉ်းကပ်ခဲ့ပါတယ်။ အဲဒီ အသွင်ယူအရာရှိဟာ ဆေးလိပ်သောက်တတ်တဲ့ လီသောက်ပြီးသား စီးကရက်ဖင်စီခံကို လျှို့ဝှက်စုဆောင်းခဲ့ပြီး DNA စစ်ဆေးရာမှာ သူတို့ ထောက်လှမ်းနေသူဟာ နှစ်လောင်းပြိုင်လူသတ်မှုတရားခံပြေး လီအစစ်ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့အပြီးမှာ လီနဲ့ ဂူတို့ဇနီးမောင်နှံကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြပါတော့တယ်။

ဖမ်းဆီးခံခဲ့ရအပြီးမှာတော့ လီက ထွက်ဆိုခဲ့ရာမှာ သူ့ရဲ့ အသက် ၁၇ နှစ်အရွယ် ချစ်သူအမျိုးသမီးက သူ့မိခင်ဆီကနေ ငွေအများအပြား တောင်းဆိုခဲ့ပြီး သူမရဲ့တောင်းဆိုချက်ကို မဖြည့်ဆည်းပေးရင် သူတို့ရဲ့ ချစ်သူအဖြစ်ဆက်ဆံရေးကို အဆုံးသတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် သူမကို သတ်လိုက်တာလို့ ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ လီဟာ ချစ်သူဖြစ်သူကို ဓားနဲ့ထိုးသတ်ဖို့ ကြိုးစားလိုက်ချိန်မှာ ဝင်ဆွဲတဲ့ သူ့မိခင်ကို သူ ပြန်သတ်မိခဲ့တာလို့လည်း သိရပါတယ်။
“ထွက်ပြေးနေရတာ ကျွန်တော် ပင်ပန်းနေပါပြီ။ ဘယ်နှစ်နစ်ရှိပြီလဲဆိုတာကိုတောင် ကျွန်တော် မမှတ်မိတော့သလို ကျွန်တော့်ရဲ့ မှတ်ပုံတင်နံပါတ်နဲ့ မူရင်းနာမည်ကိုတောင် မေ့သွားပါပြီ” လို့လည်း လီက ရဲတပ်ဖွဲ့ကို နောင်တတွေနဲ့ ဝန်ခံခဲ့သလို “နှစ်ပေါင်းများစွာ ကျွန်တော့်ဘဝက ခက်ခဲခဲ့ပါတယ်။ ခင်ဗျားတို့ နောက်ဆုံးတော့ ရောက်လာပါပြီ။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တရားခံပြေးဘဝကို စွန့်ခွာရလို့လည်း ကျွန်တော် သက်သာရာရပါပြီ” လို့ မိခင်နဲ့ ချစ်သူကို သတ်မိအပြီး နှစ်များစွာတိမ်းရှောင်နေရတဲ့ လီက ထပ်လောင်းပြောခဲ့ပါသေးတယ်။
အဲဒီနောက် လီက သူ့မိခင်နဲ့ ချစ်သူကို သတ်ဖြတ်အပြီး ဖြစ်စဉ်တွေကို ဝန်ခံထွက်ဆိုရာမှာတော့ လီဟာ မိခင်နဲ့ ချစ်သူကို နှစ်လောင်းပြိုင်သတ်ဖြတ်အပြီး နှစ်လကြာအထိ အနီးအနားရှိ တောင်ပေါ်မှာ ပုန်းအောင်းနေခဲ့ရတယ်လို့ ပြောခဲ့တာပါ။ အဲဒီကာလ အတောအတွင်း ဂူက သူ့ဆီကို အစားအစာနဲ့ အဝတ်အထည်တွေ မကြာခဏ ယူဆောင်လာပေးခဲ့သလို သူတို့နှစ်ဦး ထွက်ပြေးတိမ်းရှောင်ဖို့ လီက အဆိုပြုချိန်မှာ သူနဲ့ ဖောက်ပြန်နေသူ အကိုရဲ့ဇနီး ဂူက ချက်ချင်း သဘောတူခဲ့တာပါ။

လက်ရှိမှာတော့ လီ့ကို နှစ်လောင်းပြိုင် လူသတ်မှုနဲ့ တရားစွဲဆိုထားပြီး စီရင်ချက် ချမှတ်ရဦးမှာဖြစ်ပေမဲ့ သူ့ကို အားပေးအားမြှောက်ပြုခဲ့တဲ့ ဂူကတော့ ဘယ်လိုမျိုး ပြစ်မှုဆိုင်ရာအကျိုးဆက်တွေနဲ့ အပြစ်ပေးခံရမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Ref , SCMP