◾ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် လူစီးသုံးဘီးယာဉ် အစီး ၁၀၀ ခန့်ဖြင့် စတင်ပြီဟုဆို
၂.၆.၂၀၂၅
Writtnen By Zun
ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်သည့် ခေတ်မီနည်းပညာအခြေပြု ခရီးသွားဝန်ဆောင်မှု ပလက်ဖောင်းတစ်ခုကို ယနေ့ နံနက်က မိတ်ဆက်လိုက်သည်။
အဆိုပါ ပလက်ဖောင်းမှာ Maxride Application ပလက်ဖောင်းဖြစ်ပြီး မိတ်ဆက်ပွဲကို ယနေ့ ဇွန်လ ၂ ရက် နံနက် ၁၀ နာရီကျော်အချိန်က သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်နေဝင်းလမ်းမကြီး၊ မြို့ဟောင်းအလယ်ရပ်ကွက်ရှိ Jewel Event Management ခြံဝင်းအတွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
Maxride သည် ခေတ်မီနည်းပညာအခြေပြု ခရီးသွားဝန်ဆောင်မှုပလက်ဖောင်းတစ်ခုဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် စတင်ခဲ့သည့် ပလက်ဖောင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် လူစီး သုံးဘီးယာဉ် ၉၈ စီးဖြင့် ကနဦး စတင်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ မွန်ပြည်နယ် မော်လမြိုင်နှင့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တို့တွင် စတင်ပြီး ဖြစ်ကြောင်း သိရသည်။
မကြာမီတွင် သုံးဘီးယာဉ် ပြေးဆွဲခွင့်ရသော မြို့နယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း၊ ဒလ၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီး ခနောင်တို၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များတွင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
“ပထမအဆင့်မှာ ရန်ကုန်က သန်လျင်မြို့နယ်မှာ စနေပါပြီ။ ပုသိမ်၊ မော်လမြိုင်၊ မန္တလေးမှာတော့ စတင်ပြီးပါပြီ။ နောင်မှာတော့ ရန်ကုန်တိုင်းအတွင်းက ဒဂုံမြို့သစ် လေးမြို့နယ်မှာရော၊ ကျောက်တန်း၊ ဒလ၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီး ခနောင်တို၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ရွှေပြည်သာ၊ လှိုင်သာယာတွေမှာပါ အသုံးပြုနိုင်တော့မှာပါ။ ဒီအပလီကေးရှင်း Maxride အသုံးပြုရင်တော့ လက်ငင်းငွေ – Wallet နဲ့ ပေးချေနိုင်ပြီးတော့ မြို့နယ်တွေမှာ Offline Campaign တွေနဲ့ ဆက်သွယ်မှုတွေ ရှိပါမယ်။ လုံခြုံမှုပိုင်း ယုံကြည်စိတ်ချရတဲ့ ပလက်ဖောင်းလည်း ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ App (မြန်မာ- အင်္ဂလိပ်ဘာသာ) နဲ့ အသုံးပြုနိုင်ပါတယ်။ ခရီးစဉ်တစ်လျှောက် Real-time location မျှဝေမှာ ဖြစ်ပါတယ်။ Maxride အနေနဲ့ လုံခြုံမှုနဲ့ ယုံကြည်မှုကို အဓိကထားပြီး လုပ်ဆောင်ပါတယ်။အချိန်နဲ့ တစ်ပြေးညီ GPS တည်နေရာကြည့်ရှုနိုင်မှာ ဖြစ်ပြီးတော့ ၂၄ နာရီ ဝန်ဆောင်မှုရရှိနိုင်မှာ ဖြစ်ပါတယ်”ဟု Maxride ၏ National Supply Manager ကိုနိုင်ဦးဝေက ပြောသည်။
Maxride ကို မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီးမြို့ငယ်များတွင် ယုံကြည်စိတ်ချရသော ခရီးသွားဝန်ဆောင်မှုအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ထားကြောင်းလည်း အဆိုပါအခမ်းအနားက သိရသည်။
မြန်မာနိုင်ငံတွင် ယခင်က ခရီးသွားဝန်ဆောင်မှု App အဖြစ် မလေးရှားမှ Grab App နှင့် အမေရိကန်တို့၏ Uber တို့ အပြိုင်ရှိဖူးသော်လည်း Uber သည် Grab ကို စျေးကွက်ပြိုင်ဆိုင်နိုင်မှုမရှိသဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ပြီးနောက် ပြည်တွင်းမှလည်း ခရီးသွားဝန်ဆောင်မှု App အချို့ မိတ်ဆက်ခဲ့သလို ယခုလည်း အင်ဒိုနီးရှားမှ Maxride က မြန်မာနိုင်ငံသို့ စျေးကွက်ရှာဖွေ ချဲ့ထွင်လာနေခြင်းဖြစ်သည်။






