၃. ၆. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ် မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၅,၈၈၀ ဦးနှင့် သေဆုံးသူ ၃ ဦးရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွန်ဆက်သက်ဆူတင်က တနင်္လာနေ့တွင် ပြောကြားခဲ့သော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အမြင့်ဆုံးအခြေအနေမှ ကျဆင်းလာနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း လူနာအသစ်များနှင့် သေဆုံးသူများကို မှတ်တမ်းတင်ထားမှုအရ အသက် ၃၀ မှ ၃၉ နှစ်ကြားရှိသူများသည် ၁၂,၄၀၃ ဦးဖြင့် လူနာအသစ်များ၏ အများဆုံးဖြစ်ပြီး၊ အသက် ၂၀ မှ ၂၉ နှစ်ကြားရှိသူ ၁၀,၃၆၈ ဦး၊ အသက် ၆၀ နှင့်အထက် ၉,၅၉၀ ဦးတို့ဖြစ်ကြောင်းနှင့် မိုးရာသီတွင် ရောဂါသည် သဘာဝအတိုင်း ပျံ့နှံ့နေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
“လူနာအသစ်က ဂဏန်းငါးလုံးအရေအတွက်ဖြစ်လို့ လူတွေ အံ့အားသင့်နိုင်ပါတယ်၊ အခြေအနေကို ကိုင်တွယ်ဖို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ပြင်ဆင်ထားဖို့ ကျွန်တော် ပြောထားပါတယ်။ သို့ပေမဲ့ ရောဂါဗေဒဌာနက ရောဂါဖြစ်ပွားမှု စတင်ကျဆင်းနေပြီး အမြင့်ဆုံးကူးစက်ခံရမှုအခြေအနေကို ကျော်လွန်သွားပြီလို့ အစီရင်ခံထားပါတယ်” ဟု ဆွန်ဆက်က ပြောကြားခဲ့သည်။
သို့သော် ဆွန်ဆက်က ယခုနှစ်အတွင်း ကိုဗစ် – ၁၉ ကပ်ရောဂါဖြစ်ပွားမှု အမြင့်ဆုံးအခြေအနေအကြောင်းကို အသေးစိတ် မပြောကြားခဲ့ဘဲ လူများအနေဖြင့် အန္တရာယ်ရှိသော သို့မဟုတ် လူစည်ကားသောနေရာများတွင် Mask များ တပ်ဆင်ခြင်း၊ ထိခိုက်လွယ်သူများထံ မတော်တဆ ကူးစက်ခြင်းမှ ကာကွယ်ရန် မိမိကိုယ်ကိုယ် စစ်ဆေးခြင်း၊ လက်ကို ပုံမှန်ဆေးကြောခြင်း၊ ချက်ပြုတ်ထားသော အစားအစာများ စားသုံးခြင်းနှင့် မျက်နှာ၊ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မထိတွေ့ခြင်းဖြင့် ကာကွယ်ကြရန်သာ အကြံပြုခဲ့သည်။
ထို့အပြင် လူနာများနှင့် ထိခိုက်လွယ်သူများအတွက် လုံလောက်သော ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ပြင်ဆင်ထားရန် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အမိန့်ပေးထားကြောင်း ဆွန်ဆက် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် မေလကုန်အထိ မှတ်တမ်းများအရ ကိုဗစ်မျိုးကွဲသစ် NB.1.8.1 ကူးစက်ပျံ့နှံ့မှု လျင်မြန်စွာ ဖြစ်ပွားနေသောကြောင့် ကိုဗစ်ကူးစက်ခံရသူ ၂၅၇၂၈၀ ဦးနှင့် သေဆုံးသူ ၅၃ ဦးအထိ ရှိနေခဲ့ကြောင်း သိရသည်။
Ref, Bangkok Post & VN Express
