
၃၁.၅. ၂၀၂၅
Written by Hey Mar
ငလျင်ထိထားတဲ့ လေးထပ်တိုက်အဆောက်အဦ ဖြိုဖျက်နေရာက အဆောက်အဦပြိုကျလို့ အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မေလ ၃၁ ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မန္တလေး)ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ၂၆ လမ်းနဲ့ လမ်း ၆၀ ထောင့်ရှိ ငလျင် ထိခိုက်မှုကြောင့် ဖြိုလက်စ (၄)ထပ်တိုက်တစ်လုံး ပြိုကျသွားကြောင်းသတင်းအရ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ နီးစပ်ရာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ကူညီဖို့ထွက်ခွာခဲ့ပြီး အခင်းဖြစ်နေရာက သေဆုံးသူ အသက် (၁၈)နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မန္တလေး)မှ တာဝန်ရှိသူက “အုတ်ချပ်ပိနေတာကို ခက်ခက်ခဲခဲ လျှိုပြီး အလောင်းထုတ်ခဲ့ရတယ်။ ထပ်ပြိုကျနိုင်တဲ့ အခြေအနေကလည်း ရှိနေတာပေါ့။ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရသူတွေက အဲ့ဒီတိုက်ပိုင်ရှင်က ငှားရမ်းထားတဲ့ အလုပ်သမားတွေပါ။ သေဆုံးသူက ၁၈ နှစ်။ဒဏ်ရာရတာက အသက်လေးဆယ် အရွယ်ပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ဖျက်အားပြင်း မန္တလေးငလျင်ကြီး လှုပ်ခတ်မှုအပြီး နှစ်လနဲ့ သုံးရက်မြောက်နေ့မှာ ငလျင်ထိထားပြီး မိုးရွာသွန်းမှုလည်း များပြားနေတာကြောင့် တိုက်တချို့ ပြိုကျတာတွေ ဖြစ်ပေါ်ခဲ့သလို သစ်ပင်အမြစ်က ကျွတ်ကာ ယာယီ ငလျင်ဘေးရှောင်စခန်းက တဲတစ်လုံးပေါ် ပိကျလို့ သားအဖ နှစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီလထဲ မှာပဲ ဖြစ်ပွားခဲ့ပါသေးတယ်။
“ကျွန်တော့်အနေနဲ့ တိုက်တာ အဆောက်အဦတွေ ဖြိုဖျက်ရာမှာ ဘေးအန္တရာယ် ကင်းရှင်းဖို့ အဓိက လုပ်ဆောင်သင့်တယ်လို့ အကြံပြုအသိပေးချင်တယ်။ မဖြိုဖျက်ခင် သက်ဆိုင်ရာ နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ပြီးမှ စနစ်တကျ ဆောင်ရွက်စေချင်တယ်။ ငလျင်ထိထားတဲ့ တိုက်တွေမှာ ဒီအတိုင်းပြန်နေနေတာတွေ မလုပ်ဖို့ နားလည်တတ်ကျွမ်းသူနဲ့ စစ်ဆေးပြီးမှ ပြန်လည်နေထိုင် ပြုပြင်ဖို့ ဒါတွေ သတိပြု ဆောင်ရွက်စေချင်ပါတယ်” လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မန္တလေး)မှ တာဝန်ရှိသူက ဆိုပါတယ်။
လေးထပ်တိုက် ဖြိုဖျက်စဉ် ပြိုကျမှုကြောင့် သေဆုံးခဲ့ရတဲ့ လူငယ်နဲ့ ဒဏ်ရာရရှိသူ နှစ်ဦးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင် (အဖြူရောင်နှင်းဆီအသင်း) မှ လူနာတင်ယာဉ်နဲ့ မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
