
၃၁. ၅. ၂၀၂၅
Written by Nyein Kyaw
ငလျင်အလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဆွေးနွေးပွဲမှတစ်ဆင့် ငလျင်ဒဏ်သင့်ဒေသများမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေ ပိုမိုရရှိနိုင်ရေးနည်းလမ်းများ ဆွေးနွေးနိုင်ခဲ့ကြောင်း ဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင် ယနေ့ ပြုလုပ်သည့် ငလျင်အလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်များအပေါ် စကားဝိုင်းဆွေးနွေခြင်း အခမ်းအနားအပြီးတွင် ဖြေကြားခဲ့သည်။
စိုက်ပျိုးရေးကဏ္ဍတွင် စားနပ်ရိက္ခာထုတ်လုပ်ရေး (Food Industry)နှင့် တိရစ္ဆာန်အစာထုတ်လုပ်ရေးမှု (Feed Industry) နှစ်မျိုးရှိသည့်အနက် အဆိုပါကဏ္ဍတစ်ရပ်လုံးတွင် ငလျင်ဒဏ်အဓိကခံစားခဲ့ရသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မြန်မာပြည်အလယ်ပိုင်းတို့တွင် မြို့ပေါ်မှာ စက်ရုံများ ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။
ထို့အတူ စိုက်ပျိုးရေးတွင် (Firm Level) ဖြစ်သည့် လယ်ယာ၊ ယာခင်းများ ထိခိုက်မှုထက် ဖြစ်သည့် လယ်ယာမြေများ ပျက်စီးမှုများ မြို့ပေါ်ရှိ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် အစားထုတ်စက်ရုံ၊ မျိုးစေ့ထုတ်စက်ရံများလည်း အဓိကပျက်စီးမှုကြုံခဲ့ရခြင်းဖြစ်သည်။

“မြို့ပေါ်မှာ စက်ရုံတွေမှာ ထိခိုက်မှုများတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေအကုန်လုံးက လယ်ယာကဏ္ဍမှာ ပါဝင်နေတာဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးမှုတွေကို စာရင်းဇယား ပြုစုပြီးတော့ အားလုံးပြီးအောင် မစောင့်ဘဲနဲ့ လေး၊ ငါးခုလောက်ပေါ့။ မြို့နယ်တစ်မြို့နယ်၊ ဥပမာ ရမည်းသင်းမြို့နယ်ပေါ့။ ရမည်းသင်းမြို့နယ်ရဲ့ ထိခိုက်ပျက်စီးတဲ့ မွေးမြူခြံအရေအတွက်နဲ့ အတိုင်းအတာပေါ့။ ဘယ်လိုဆက်ပြီး ပြန်လည်ပြင်ဆင်ရေးလုပ်မလဲ။ ဘယ်လိုဆက်ပြီး လုပ်ငန်းဆောင်ရွက်ရေးလုပ်မလဲပေါ့။ ဒါလေးတွေကို မြို့နယ်အလိုက် ကျေးရွာအလိုက် တစ်ခုလုံးပြီးအောင်မစောင့်ဘဲနဲ့လုပ်ဖို့ အစီအစဉ်လေးတွေ ဆွေးနွေးတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
အလားတူ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် ရေရှည်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ သွင်းအားစု၊ မျိုးတို့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများ ပိုမိုဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ချေးငွေများ ပိုမိုရရှိနိုင်ရေးအတွက်လည်း ဆွေးနွေးတင်ပြနိုင်ခဲ့ကြောင်း သိရသည်”
“အဲဒီလိုပဲ ရေရှည်လုပ်ရမယ့်။ မျိုးတို့၊ သွင်းအားစုတို့ ရရှိရေးကိုလည်း ဆောင်ရွက်ပေးဖို့နဲ့ တောင်သူ လယ်သမားတွေကိုလည်း ချေးငွေ၊ ချေးငွေဆိုတာ သူလုပ်ငန်းလုပ်တဲ့ချေးငွေ ပိုမိုရရှိနိုင်ရေးကို နည်းလမ်းတွေ ရှာဖွေပြီး လုပ်ဆောင်ပေးဖို့ ဒါတွေဆွေးနွေးခဲ့ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
ငလျင်ဒဏ်သင့်ဒေသများရှိ အရင်းနှီးလိုအပ်သူများအတွက် အတိုးနှုန်းအနည်းဆုံးဖြင့် ကျပ်ဘီလျံ ၇၀၀ အထိ ထုတ်ချေးပေးရန် လျာထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်သည့် “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားထားသည်။
