
၃၁.၅.၂၀၂၅.
Translated by Htwe Ko Tun
နီပေါနိုင်ငံမှာ ဘုရင်စနစ်ကို လိုလားထောက်ခံသူ ထောင်ပေါင်းများစွာက မြို့တော် ခတ္တမန္ဒူ အတွင်း မေလ ၃၀ ရက်က စုရုံးချီတက်ကြကာ ဘုရင်စနစ်ကို ပြန်လည်အသက်သွင်းတည်ဆောက်ရေးတောင်းဆိုခဲ့ကြပြီး လွန်ခဲ့တဲ့ ၁၇ နှစ်က ထီးနန်းစွန့် ဖြုတ်ချခံခဲ့ရတဲ့ နီပေါဘုရင်ကို ထောက်ခံတဲ့ကြွေးကြော်သံတွေအော်ဟစ်ခဲ့ကြပါတယ်။
ဟိန္ဒူဘာသာဝင်လူများစုဖြစ်တဲ့ နီပေါနိုင်ငံမှာ လူ ၁၆,၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ ဆယ်စုနှစ်နဲ့ချီတဲ့ ပြည် တွင်းစစ်ပွဲကြီးပြီးနောက် ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လွှတ်တော်က ဘုရင်စနစ်ကိုဖျက်သိမ်းအပြီးနောက် ဘာသာရေးနဲ့ ဆက်နွယ်မှုမရှိတဲ့ သမ္မတနိုင်ငံဖြစ်လာခဲ့ပါတယ်။
မေလ ၃၀ ရက်က ဆန္ဒပြပွဲတွေမှာတော့ လူစုလူဝေးကြီးက ဘုရင်စနစ်ကို ပြန်လည်အသက်သွင်းဖို့နဲ့ နီပေါနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှု၊ လာဘ်စားမှုနဲ့စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးမှုတို့အကြား စိတ်ကျေနပ်ဖွယ်မရှိတာတွေများနေတယ်လို့ ပြောခဲ့ကြပါတယ်။

ဆန္ဒပြပြည်သူတွေက “ဘုရင်မင်းမြတ်၊ နိုင်ငံကို ကယ်တင်တော်မူပါ” လို့ ပြိုင်တူအော်ဟစ်ခဲ့ကြပါတယ်။ ဒါ့ပြင် ဗုံတွေတီး၊ နှဲတွေမှုတ်ကာ နီပေါအလံကို ဝှေ့ယမ်းဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသမားတစ်ဦးက “ကျွန်တော်တို့နိုင်ငံမှာ လာဘ်ပေးလာဘ်ယူစနစ်ကိုတိုက်ဖျက်သွားရမယ်။ ကျွန်တော်တို့အနေနဲ့ စည်းမျဉ်း ခံဘုရင်စနစ်ကိုပဲလိုလားပြီး နိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာကို စောင့်ထိန်းသွားကြရမယ်” လို့ ပြောခဲ့ပါ တယ်။
အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့တွေက စောင့်ကြပ်နေကြပေမယ့် အကြမ်းဖက်မှုတစ်စုံတစ်ရာဖြစ်ပွားမှု မရှိဘူးလို့ သတင်းတွေက ဆိုပါတယ်။
နီပေါနိုင်ငံရဲ့ ကွန်မြူနစ်ဝါဒီပါတီဖြစ်တဲ့ CPN-UML ပါတီထောက်ခံသူတစ်ဦးကတော့ “ဆန္ဒပြသမားတွေရဲ့ ဘုရင်စနစ်ပြန်လည်အသက်သွင်းဖို့တောင်းဆိုမှုတွေက နေ့လယ်အိပ်မက် မက်နေသလိုပါပဲ။ လူဦးရေ သန်း ၃၀ လောက်ရှိတဲ့ ဒီနိုင်ငံရဲ့ပြည်သူအများစုက သမ္မတစနစ်နဲ့ လက်ရှိအတိုင်းဆက်အုပ်ချုပ်ဖို့ပဲ လိုလားကြပါတယ်။ ဘုရင်စနစ်ပြန်အသက်သွင်းချင်သူတွေက အနည်းအကျဉ်းပဲရှိပါတယ်။ လုံးဝဖြစ်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
Ref- CNA
