
၃၁. ၅. ၂၀၂၅
Translated by Thettant
နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းတွင် ယခုအပတ်အစောပိုင်းက ရုတ်တရက်ရေကြီးမှုကြောင့် လူ ၁၅၀ ကျော် သေဆုံးခဲ့ပြီး လူ ၃,၀၀၀ ရွှေ့ပြောင်းခဲ့ရသည့်အပြင် အိမ်ခြေ ၂၅၀ ကျော် ပျက်စီးခဲ့ကာ တံတားနှစ်စင်း ရေစီးတွင် မျောပါသွားခဲ့ကြောင်း ဒေသခံ ဘေးအန္တရာယ်တုံ့ပြန်ရေး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စနေနေ့တွင် အေအက်ဖ်ပီ (AFP) သို့ ပြောကြားခဲ့သည်။
ရေကြီးမှုကြောင့် သေဆုံးသူ ၁၁၅ ဦးမှ သိသိသာသာ မြင့်တက်လာရခြင်းမှာ ရေကြီးမှု၏ ဗဟိုချက်ဖြစ်သော မော့ခ်ဝါမြို့မှ ၁၀ ကီလိုမီတာ (၆ မိုင်ကျော်) အကွာတွင် အလောင်းများ ပြန်လည်တွေ့ရှိရခြင်းကြောင့်ဖြစ်ကြောင်း နိုင်ဂျာပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် အော်ဒူ ဟူစိန်နီက ပြောသည်။
ထို့အပြင် ဟူစိန်နီက သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်သေးကြောင်း သတိပေးခဲ့ပြီး အလောင်းများသည် နိုင်ဂျာမြစ်အတွင်း မျောပါသွားနိုင်ကြောင်း သတိပေးခဲ့သည်။ လက်ရှိဖြစ်ရပ်များအတွက် နိုင်ဂျီးရီးယားသမ္မတ ဘိုလာ တင်နူဘူက ဘေးအန္တရာယ်တုံ့ပြန်ရေးကို လုံခြုံရေးတပ်ဖွဲ့များက ကူညီပေးနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
တင်နူဘူက လူမှုမီဒီယာတွင် ယမန်နေ့ညက တင်ထားသော ပို့စ်တွင် မော့ခ်ဝါမြို့ ၌ ကယ်ဆယ်ရေးပစ္စည်းများနှင့် ယာယီခိုလှုံရာ အကူအညီများကို နှောင့်နှေးမှုမရှိဘဲ ဖြန့်ဝေပေးနေသည် ဟု ထပ်လောင်းပြောကြားခဲ့သည်။
မော့ခ်ဝါမြို့သည် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှ ကြာသပတေးနေ့အစောပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကို ခံစားခဲ့ရသည်။ မြို့တော် အဘူဂျာမှ ကားလမ်းဖြင့် ၃၅၀ ကီလိုမီတာ (၂၁၅ မိုင်) ကျော် ကွာဝေးသော မော့ခ်ဝါမြို့တွင် အဆောက်အအုံများ ပြိုကျကာ လမ်းများ ရေလွှမ်းမိုးခဲ့သည်ကို အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက သောကြာနေ့တွင် တွေ့မြင်ခဲ့ရသည်။
“အချို့သော အလောင်းတွေကို ပြိုကျနေတဲ့ အိမ်တွေရဲ့ အပျက်အစီးတွေထဲကနေ ပြန်ဆယ်ယူခဲ့ပါတယ်” ဟု ဟူစိန်နီက ပြောကြားခဲ့ပြီး ၎င်း၏အဖွဲ့များသည် အလောင်းများကို ပြန်လည်ဆယ်ယူရန်အတွက် တူးဖော်စက်များ လိုအပ်မည်ဖြစ်ကြောင်းနှင့် လူများစွာ ပျောက်ဆုံးနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အသက် ၂၉ နှစ်အရွယ် အစိုးရဝန်ထမ်း မိုဟာမက် တန်ကိုက သူကြီးပြင်းခဲ့သော အိမ်ကို လက်ညှိုးထိုးပြကာ “ဒီအိမ်ကနေ အနည်းဆုံး ၁၅ ယောက် ဆုံးရှုံးခဲ့ရပါတယ်။ ပိုင်ဆိုင်မှုတွေ အကုန်လုံး ဆုံးရှုံးခဲ့ရပါပြီ။ ကျွန်တော်တို့ အရာအားလုံးကို ဆုံးရှုံးခဲ့ရပါတယ်” ဟု သတင်းထောက်များကို ပြောခဲ့သည်။
လက်ရှိတွင် အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ (NEMA) က နိုင်ဂျီးရီးယားကြက်ခြေနီ၊ ဒေသခံစေတနာ့ဝန်ထမ်းများ၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး အရေးပေါ် ကယ်ဆယ် တုံ့ပြန်ရေးလုပ်ငန်းများတွင် ကူညီပေးနေကာ ဟူစိန်နီက ပြောကြားခဲ့သည့် ကိန်းဂဏန်းများအရ အဆိုပါဖြစ်ရပ်တွင် အနည်းဆုံး လူ ၁၅၁ ဦး သေဆုံးခဲ့ပြီး ၃,၀၁၈ ဦး နေရပ်စွန့်ခွာခဲ့ရကာ အိမ် ၂၆၅ လုံး လုံးဝပျက်စီးသွားခဲ့သလို တံတားနှစ်စင်းသည်လည်း ရေစီးထဲမျောပါသွားခဲ့သည်။
နိုင်ဂျီးရီးယား၏ မိုးရာသီသည် ပုံမှန်အားဖြင့် ခြောက်လကြာမြင့်ပြီး ယခုနှစ်အတွက် မိုးရာသီသည် စတင်နေပြီဖြစ်သည်။ နိုင်ဂျီးရီးယား မိုးလေဝသအေဂျင်စီ (Nigerian Meteorological Agency) က ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အကြား နိုင်ဂျာပြည်နယ်အပါအဝင် နိုင်ဂျီးရီးယားပြည်နယ် ၃၆ ခုအနက် ၁၅ ခုတွင် ရုတ်တရက်ရေကြီးနိုင်သည်ဟု သတိပေးထားသည်။ NEMA ၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ်တွင် နိုင်ဂျီးရီးယားပြည်နယ် ၃၆ ခုအနက် အနည်းဆုံး ၃၁ ခုတွင် လူ ၁,၂၀၀ ကျော် သေဆုံးခဲ့ပြီး ၁ ဒသမ ၂ သန်း နေရပ်စွန့်ခွာခဲ့ရကာ ဆယ်စုနှစ်များအတွင်း နိုင်ငံ၏ အဆိုးဆုံး ရေကြီးမှုရာသီများထဲမှ တစ်ခုဖြစ်ခဲ့သည်။
Ref ., AFP
