
၃၁. ၅. ၂၀၂၅
Written by Nyein Kyaw
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စနစ်တကျတင်သွင်းရေးနှင့် လိုအပ်သူများထံ တိုက်ရိုက်ရောင်းချပေးနိုင်ရေးအား ဖြေရှင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် လုပ်ငန်းရှင်များအကြား ကတိကဝတ်များရရှိခဲ့ကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ ဒါရိုက်တာ၊ ဒေါက်တာဇော်ဦးက ယနေ့ ပြုလုပ်သည့် ငလျင်အလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်များအပေါ် စကားဝိုင်းဆွေးနွေခြင်း အခမ်းအနားအပြီးတွင် ဖြေကြားခဲ့သည်။
“ဒါနဲ့ပတ်သက်ပြီး အခုဆိုရင်ပဲ ဘာပဲပြောပြော ဆောက်လုပ်ရေးကဏ္ဍကြီးမှာဆိုရင် ဆောက်လုပ်ရေးအသင်းတင်မကဘူး။ ကျန်တဲ့ အင်ဂျင်နီယာအသင်း၊ နောက်ပြီး သံ၊ သံမဏိ ထုတ်လုပ်ရေး၊ ရောင်းဝယ်ရေး၊ ဖြန့်ဖြူးရေး စတဲ့အသင်းတွေစုံညီပြီးတော့ တက်ရောက်ပြီးတော့ ဒါကိုလည်း ဖြေရှင်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုသွားတာရှိပါတယ်။ သက်ဆိုင်ရာ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာဇော်ဦးက ပြောသည်။
ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အဓိကလိုအပ်သည့် နိုင်ငံခြားငွေရရှိမည့် ပို့ကုန်အား နှစ်ဆတိုးမြှင့်ရန် နိုင်ငံတော်က ချမှတ်ထားသည့် လမ်းညွှန်မှုအတိုင်း လက်ရှိတွင် ပို့ကုန်ထုတ်လုပ်နိုင်သည့် အခြေခံလယ်ယာ၊ သား၊ ငါး ကဏ္ဍကို့လည်း ဆက်လက်ပံ့ပိုးပေးနိုင်ရန်လိုအပ်နေခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း စက်မှုကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက်မူ ပို့ကုန်တိုးမြှင့်ခြင်းထက် သွင်းကုန်အဓိကတင်သွင်းနိုင်ရန် လိုအပ်နေသည့်ကာလလည်းဖြစ်သည်။
ထို့ကြောင့် သွင်းကုန်လိုအပ်မှုများအတွက် UMFCCI မှ ညီနောင်အသင်းများက လေ့လာတင်ပြရုံသာမက ၎င်းတို့ကပါ တာဝန်ခံပြီး ရောင်းဝယ်၊ ဖြန့်ဖြူးပေးခြင်း၊ သုံးစွဲသူထံ တိုက်ရိုက်ရောင်းချနိုင်ရေးကိုပါ တစ်ပါတည်း ဆောင်ရွက်နိုင်အောင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဆိုပါအသင်းအဖွဲ့များအကြားပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဖော်ထုတ်နိုင်ရန် စဉ်းစားဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာဇော်ဦးက ပြောသည်။
