၃၁.၅.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ haor ခေါ်စိမ့်မြေအရပ်ရဲ့ မြောက်ပိုင်းမှာရှိတဲ့ နီလာဒရီကန်လို့လည်းသိကြတဲ့ Shahid Siraj ကန်အနီးမှာ မေလ ၃၀ ရက်ညက ကမ္ဘာလှည့်ခရီးသွားတွေကို တင်ဆောင်တဲ့ ခရီးသွားလှေအိမ်တစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ လှေတစ်စင်းလုံးကို မီးပျံ့နှံ့မသွားမီ လိုက်ပါလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် မီးလောင်မှုမှာ ကံကောင်းထောက်မစွာနဲ့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရမှု့မရှိခဲ့ဘူးလို့ သိရပါတယ်။
သတင်းတွေအရ Rahbar အမည်ရှိတဲ့လှေအိမ်ဟာ တာဟာပူရ် ခရိုင်ခွဲဌာနချုပ်ကနေ ကမ္ဘာလှည့်ခရီးသွားတွေကိုတင်ဆောင်ပြီး မေလ ၃၀ ရက် နံနက်ပိုင်းက ထွက်ခွာလာတာလို့ သိရပါတယ်။ နယ်မြေအတွင်း နေ့ဘက်မှာ ခရီးသွားလေ့လာရေးတွေပြုလုပ်အပြီး လှေအိမ်က ညနေဘက်မှ တစ်ညအိပ်ရပ်နားဖို့ Shahid Siraj ကန်ကို ရောက်ရှိရပ်နားနေခဲ့တာပါ။ သူ့ကို တခြားစက်လှေတွေနဲ့အတူတွဲပြီး ကျောက်ချထားခဲ့တာပါ။
ည ၈ နာရီလောက်မှာ ကမ်းစပ်အနီးကျောက်ချထားတဲ့ Rahbar လှေအိမ်ပေါ် မီးလောင်နေတာ သတိထားမိခဲ့ကြပြီးတဲ့နောက် တခြားလှေအိမ်တစ်စီးက အနီးသို့ချဉ်းကပ်သွားကာ Rahbar လှေအိမ်ပေါ်က ကမ္ဘာလှည့်ခရီးသွား ၁၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ မီးကတော့ ပျံ့နှံ့ပြီး လှေအိမ်တစ်ခုလုံးကို လောင်ကျွမ်းသွားခဲ့ပါတယ်။
တာဟာပူရ်ခရိုင်ခွဲ စက်လှေပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဂိုလမ်ရတ်ဘာနီက လှေအိမ်ပေါ်မှာ ကမ္ဘာလှည့်ခရီးသွား အမျိုးသားခုနစ်ဦးနဲ့အမျိုးသမီးငါးဦးလိုက်ပါလာတာလို့ ပြောခဲ့ပါတယ်။
တာဟာပူရ် ခရိုင်ခွဲ ရဲတပ်ဖွဲ့စခန်းမှူး မိုဟာမက် ဒယ်လ်ဝါ ဟော့စိန်က မီးလောင်ကျွမ်းမှုက လှေပေါ်ပါ ဓာတ်ငွေ့ဆလင်ဒါတစ်ခုကနေ စတင်လောင်ကျွမ်းတာဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
Ref- Dhaka Tribune


