၃၁.၅.၂၀၂၅
Written By Thandar
MRTV-4 ရုပ်သံဇာတ်လမ်းတွဲတစ်ဆင့် ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် မင်းသမီး မေမီကိုကိုကတော့ ပရိသတ်ပေးတဲ့နေရာကို တန်ဖိုးထားတာမို့ မတူညီတဲ့ကာရိုက်တာတွေ ချပြချင်လို့ ဇာတ်ကားတွေ စိစစ်ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။
“မေမီအနေနဲ့ ဇာတ်ကားတွေကို သေချာကာရိုက်တာ ပီပြင်အောင် ရွေးချယ်ရိုက်ကူးဖို့ ဆုံးဖြတ်ထားတာမို့ ကားရိုက်တာတော့ ကျဲသွားဖို့ရှိပါတယ်။ ပရိသတ်ကို မတူတဲ့ ကာရိုက်တာတွေ ချပြချင်တာပါ။ ဇာတ်အိမ် မတူတာလေးတွေပေါ့။ ကာရိုက်တာထပ်သွားမှာ စိတ်ပူတယ်။ တစ်ကားဆို တစ်ကား ဒါမှမဟုတ် နှစ်ကားလောက်ပဲ ရိုက်ဖြစ်မှာပေါ့နော်။ အဲကြောင့်လေ။ နည်းနည်းလက်ခံတာ ကျဲသွားမှာပေါ့နော်။ ပရိသတ်ပေးတဲ့ နေရာတစ်ခုကိုလည်း တန်ဖိုးထားပါတယ်။ ဒီထက်နေရာတစ်ခုရောက်အောင် ကြိုးစားချင်သေးတာပေါ့နော်။ မေမီ ခုချိန်ထိလည်း ကြိုးစားနေဆဲပါ”လို့ သရုပ်ဆောင် မေမီကိုကိုကပြောပါတယ်။
သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတချို့ကို ရိုက်ကူးထားပြီး မကြာခင် ရုံတင်ပြသဖို့ ကားတွေလည်းရှိနေတယ်လို့ သိရပါတယ်။ မေမီကိုကိုက အနုပညာအလုပ်တွေကို သေချာဂရုစိုက်ပြီး ကာရိုက်တာရွေးချယ်မှာမို့ ကားရိုက်တွေကျဲသွားဖို့ ရှိတယ်လို့ သိရပါတယ်။
“မေမီတို့ စုံတွဲက အေးဆေးပါပဲ။ မေမီတို့က အလုပ်တစ်ဖက်နဲ့ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်က အေးဆေးပါပဲ။ Video Call တောင် သိပ်မပြောဖြစ်ပါဘူး။ အချိန်မရှိတာလည်း ပါတယ်လေ။ နေ့ရော ညရော ရိုက်ကွင်းပေါ်မှာဆိုတော့လေ။ ဖုန်းသိပ်ကိုင် ချိန်မရှိဘူး။ ခုချိန်မှာ အလုပ်အတွက်ဆို အရာရာမေ့ထားနိုင်တယ်။ မေမီတို့က သူ့အပိုင်းနဲ့သူ ခွဲခြားထားကြတယ်”လို့ သူမက ဆက်ပြောပါတယ်။
#MayMiKoKo #မေမီကိုကို
#CelebrityNews
#MyanmarActress




