၃၁.၅.၂၀၂၅
Written by Hey Mar
ရက်သားအရွယ် သမီးငယ်တစ်ဦး လမ်းဘေးက ဈေးမရောင်းတော့တဲ့ ဈေးဆိုင်တဲထဲမှာ စွန့်ပစ်သွားတဲ့ဖြစ်စဉ် မနေ့က မေလ ၃၀ ရက် နေ့ခင်း နှစ်နာရီဝန်းကျင်က မကွေးတိုင်း မကွေးမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။
စွန့်ပစ်ခံရတဲ့ သမီးငယ်က ချက်မကြွေသေးသလို ဝတ်ဆင်ပေးထားတဲ့ အင်္ကျီလေးတစ်ထည်၊ ပုဆိုးပိုင်းကို အနှီးလုပ် ထုပ်ပိုးထားပြီး အဝတ်အပြာလေးနဲ့ အုပ်ကာ ဈေးဆိုင်က ခုံပေါ် တင်ထားခဲ့တာလို့ မကွေးမြို့၊ လမ်း ၅၀ အဝိုင်းဘက်၊ စိုးစောမင်းရပ်ကွက်၊ အနော်ရထာလမ်းမှာ နေထိုင်သူ ကလေးကို ခေါ်ယူစောင့်ရှောက်ထားတဲ့ အိမ်မှ အမျိုးသားကြီးတစ်ဦးက ဆိုပါတယ်။
အဆိုပါ အမျိုးသားကြီးက “ဦးလေးက ဈေးကနေ ဈေးဝယ်ပြီးအပြန် အဲဒီဈေးဆိုင်မှာ ဆိုင်ကယ်ရပ်နေကြ။ ဦးလေးအိမ်နဲ့ မျက်နှာချင်းဆိုင်မို့။ အဲ့ဒီချိန်မှာ အသက်နှစ်ဆယ်လောက် အရပ်ခပ်ပုပု အကောင်ခပ်သေးသေး အသက်နှစ်ဆယ်ဝန်းကျင်၊ ကြည့်ပျော်ရှုပျော် မိန်းကလေးက အထုပ်လေး ခုံပေါ်တင်ပြီး မိုးခိုသလို ဘေးနားရပ်နေတာ တွေ့တယ်။ ဒါပေမယ့်အမှုမဲ့ အမှတ်မဲ့ပေါ့။ အိမ်ထဲဝင်၊ ခြေလက်ဆေး အဝတ်လဲတာတွေ လုပ်ပြီး ပြန်ထွက်လာတော့ မိန်းကလေး မတွေ့ရတော့ဘူး။ အထုပ်ကတော့ တင်လျှက်သားပဲကျန်ခဲ့တယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ အမျိုးသားကြီးရဲ့ မိသားစုတစ်ဦးက အထုပ်ကလေးက လှုပ်နေတာမို့ သွားရောက် ကြည့်ရှုရာကနေ ကလေးကို စွန့်ပစ်သွားမှန်း သိရှိရကာ အိမ်ဘက်ဆီ ခေါ်ယူလာခဲ့တာလို့လည်း သိရပါတယ်။ ကလေးမှာက အဝတ်ပိုင်းအဟောင်းနဲ့ ထုပ်လျှက်ဖြစ်ပြီး ကြွပ်ကြွပ်အိတ်ထဲမှာ နို့မှုန့်ဗူးတစ်ဗူးနဲ့ ဖျော်ထားတဲ့ နို့ဗူးတစ်ဗူးသာ တွေ့ရှိရပြီး ကျန်တဲ့ အထောက်အထားတွေလည်း ဘာမှ မပါဘူးလို့ သိရပါတယ်။
ကလေးကို ခေါ်ယူစောင့်ရှောက်ထားတဲ့ အိမ်မှ အမျိုးသားကြီးက “ရပ်ကွက် ရာအိမ်မှူးတော့ အကြောင်းကြားထားတယ်။ ထွေအုပ်က စာရေးတွေလည်း လမ်းထဲရှိတော့ သိသွားပြီး လာကြတယ်။ ကလေးက ချက်တောင်မကြွေသေးတော့ အန္တရာယ်ဖြစ်မှာလည်း စိတ်ပူတယ်။ မိဘမဲ့ဂေဟာတွေ ဘာတွေ ပို့ရင်ရော ဖြစ်ပါ့မလားပေါ့။ တွေးတာပါ။ ကျွန်တော့်အိမ်ကလည်း ကလေးချစ်တတ်ကြတော့ အခု ယာယီ စောင့်ရှောက်ထားပါတယ်။ မိခင်လာပြန်ခေါ်မယ်ဆိုရင်လည်း ခေါ်ပါ။ စောင့်နေပါ့မယ်” လို့ MTNewsကို ပြောပါတယ်။




