◾ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက လာမည့်တစ်ပတ်တွင် လျှောက်လဲချက်ပေးမည်
၃၁.၅.၂၀၂၅
Written By Zun
လေးကြိမ်မြောက် လေလံမအောင်သည့် အမွေဆိုင် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)ရှိ နေအိမ်မပါသည့် မြေတစ်ဝက်ကို ကနဦးရောင်းချရန် ဦးအောင်ဆန်းဦးလျှောက်ထားခဲ့ပြီးဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေများက လာမည့်တစ်ပတ် ဇွန်လ ၅ ရက်တွင် လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း သိရသည်။
“မေလ ၂၉ ရက်က တင်ပြခဲ့တယ်။ သူတို့ဘက်က ကန့်ကွက်ကောင်း ကန့်ကွက်နိုင်တယ်။ ထုံးစံအတိုင်းပဲ။ သို့သော် သူတို့ရဲ့ သဘောတူညီမှုက လေလံကြမ်းခင်းဈေးမတင်နိုင်တာ ရုံးချိန်း ၃ ချိန်းတောင် ဖြစ်သွားပြီ။ အဲဒီအပေါ်မှာ သူတို့ဘက်က မတင်ပြဘူး။ ကိုယ့်ဘက်က တင်ပြဖို့ နောက်ကျတဲ့အပေါ်မှာ ပြောဖူးတယ်။ သူတို့က ပြောခဲ့တာက ကိုယ့်ဘက်က လေလံကြမ်းခင်းဈေးတင်ဖို့အတွက်ကို ရုံးချိန်းတောင်းတယ်။ ဦးအောင်ဆန်းဦး ပြည်ပကလာတာကိုစောင့်ရင်းနဲ့ အချိန်ဟပြီး မတင်နိုင်ဘူးဖြစ်တာကို အာ ဒါကတော့ကြာတယ်။ လေလံတင် ရောင်းချဖို့လျှောက်ပါတယ်ဆိုပြီးတော့ အဲဒီတုန်းက နှုတ်နဲ့ လျှောက်သွားတယ်။ တရားရုံးက မှတ်တမ်းတင်ထားတာ ရှိတယ်။ ဒါကြောင့် လေလံတင်ရောင်းချတာကို သူတို့ သဘောတူပြီးသား ဖြစ်တယ်လို့ မှတ်ယူရတယ်။ အခုကတော့ မြေကို ရောင်းဖို့ကိစ္စ တင်ပြတာကို ဈေးနှုန်းမပါဘူး။ ရုံးကိုတင်ပြတာပဲ ရှိတာ။ သူတို့ဘက်က ဘာပြောမလဲ။ တရားရုံးက ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိရသေးဘူး။ သူတို့ဘက်ကလာမယ့်တစ်ပတ်မှာ လျှောက်လဲချက်ပေးမှာ”ဟု ဦးအောင်ဆန်းဦးဘက်က ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူက MT News ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်က အဆိုပါအမွေဆိုင်ခြံကို စတုတ္ထအကြိမ်မြောက်အဖြစ် လေလံကြမ်းခင်းဈေး ကျပ် ၂၇၀ ဘီလျံသို့ လျှော့ချ၍ လေးကြိမ်မြောက် လေလံပစ်ခဲ့သော်လည်း လေလံဆွဲမည့်သူ မရှိခဲ့ကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။
ယင်း အမွေဆိုင်တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)၏ လေလံကြမ်းခင်းဈေးကို ကျပ်၂၉၇ ဘီလျံမှ ၂၇၀ သို့ လျှော့ချရန် ပြီးခဲ့သည့် မတ်လ ၂၅ ရက် ရုံးချိန်းတွင် တရားရုံးက အတည်ပြု သတ်မှတ်လိုက်ပြီးနောက် လေးကြိမ်မြောက် လေလံပစ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနှစ် ၂၀ ကျော်ကြာ အမွေလုနေကြသည့် ခြံအမှတ်(၅၄)ကို ကျပ် သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း (ကျပ် ၃၁၅ ဘီလျံ)ဖြင့် ပြီးခဲသည့် ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်က ပထမအကြိမ် အဖြစ်လည်းကောင်း၊ ယင်းနောက် ကျပ်ငွေ ၃၁၅ ဘီလျံအစား၂၈၅ ဘီလျံသို့ ပြောင်းလဲပြင်ဆင်ခဲ့သော်လည်း တရားရုံးက ကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ အဖြစ် သတ်မှတ်သောကြောင့် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ဒုတိယအကြိမ် လေလံကို ကျပ်ဘီလျံ ၃၀၀ ဖြင့်လည်းကောင်း လေလံပစ်ခဲ့ခြင်း ဖြစ်သည်။
ယင်း ဒုတိယအကြိမ်လေလံပြီးနောက် ကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ ကို ကျပ်ဘီလျံ၂၉၀ သို့လျှော့ချရန် ဦးအောင်ဆန်းဦးဘက်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက် ရုံးချိန်းတရားရုံး၌ တင်ပြခဲ့ရာ ၂၀၂၄ ခုနှစ် ဒီ ဇင်ဘာလ ၁၈ ရက်ရုံးချိန်းတွင် ၃ ဘီလျံလျှော့ချပြီး ၂၉၇ ဘီလျံဟု တရားရုံးက သတ်မှတ်သဖြင့် ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်က ပြုလုပ်သည့် တတိယအကြိမ်လေလံတွင် ကျပ် ၂၉၇ ဘီလျံဖြင့်လည်းကောင်း လေလံပစ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် လေလံမအောင်သဖြင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဦးအောင်ဆန်းဦးဘက်က ဈေးနှုန်း လျှော့ချတင်ပြခဲ့သည့် အပေါ် မတ်လ ၂၅ ရက် ရုံးချိန်းတွင် တရားရုံးက ကျပ် ဘီလျံ ၂၇၀ သို့ လျှော့ချခြင်းကိုအတည်ပြု သတ်မှတ်လိုက်ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလ ၂၉ ရက်တွင် စတုတ္ထအကြိမ် လေလံပစ်ခဲ့သော်လည်း မအောင်ခဲ့ကြောင်း MT News က အသီးသီး ဖော်ပြခဲ့ပြီး ဖြစ်သည်။




