၃၁. ၅. ၂၀၂၅
Translated by Thettant
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်းတလိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုပြီး အိမ် ၅ လုံးနှင့် ဟိုတယ်တစ်လုံး ပြိုကျခဲ့ရာ လူအများအပြား သေဆုံးမည်ကို စိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါဖြစ်ရပ်သည် လောင်းတလိုင်မြို့ရှိ ဘာဇာဗန်နှင့် ချန်မာရီရပ်ကွက်တို့၏ နယ်စပ်ဧရိယာတွင် မနေ့က သောကြာနေ့ ည ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြေပြိုမှုကြောင့် အိမ်များနှင့် ဟိုတယ်တို့ကို ထိခိုက်ခဲ့ကြောင်း၊ ဟိုတယ်တွင် တည်းခိုနေသည့် မြန်မာနိုင်ငံသား အများအပြား အပျက်အစီးများအောက်တွင် ပိတ်မိနေကြောင်း ယူဆရကြောင်း တာဝန်ရှိသူများက ပြောသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်နယ်ဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ (SRDF) နှင့် အိန္ဒိယနိုင်ငံ၏တတိယအရန်တပ်ရင်းမှ ဝန်ထမ်းများအပြင် လောင်းတလိုင်ခရိုင်ရှိ အကြီးဆုံး အရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သော Young Lai Association (YLA) မှ စေတနာ့ဝန်ထမ်းများက ဆောင်ရွက်နေကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အစီရင်ခံစာများကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ အိန္ဒိယ၏ အရှေ့မြောက်ပိုင်းပြည်နယ်သည် သောကြာနေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းနေပြီး နေရာအတော်များများတွင် မြေပြိုခြင်းနှင့် ကျောက်တုံးများပြိုကျခြင်းတို့ ဖြစ်ပေါ်နေကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုမှာ တစ်နေ့နှင့် တစ်ညကြာခဲ့ကြောင်းလည်း ကနဦးသတင်းများအရ သိရသည်။
လောင်းတလိုင်မြို့သည် ချင်းပြည်နယ်မှ စစ်ဘေးရှောင်များ အများဆုံးနေထိုင်သော မြို့တစ်မြို့ဖြစ်ပြီး မြန်မာဒုက္ခသည် ၄၀၀၀ ခန့် ခိုလှုံနေကာ မတူဒုက္ခသည်စခန်း ၂၄ ခုခန့် ရှိနေကြောင်းလည်း သိရသည်။
Ref , The Hindu








