၃၁. ၅. ၂၀၂၅
Written by Hey Mar
ကျောက်မဲကနေ ရွှေညောင်ကို အဘိုးအဘွားတွေနဲ့အတူ စစ်ဘေးရှောင်လာတဲ့ အသက်ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ငှားရမ်းနေထိုင်တဲ့ ရပ်ကွက်ထဲက ရေစီးသန်တဲ့ချောင်းထဲ ပြုတ်ကျပျောက်ဆုံးခဲ့တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့မေလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဒီနေ့မှာတော့ ရက်လည်ဆွမ်းကျွေးအလှူကို ဒေသခံလူမှုကူညီရေးအသင်းတွေကပဲ ပူးပေါင်းကူညီဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တာယောတံတားဖြူလို့ခေါ်တဲ့ ချောင်းပေါ်မှာ အဆိုပါ ရေထဲပြုတ်ကျမြောပါခဲ့သူ မိန်းကလေးငယ်နေထိုင်တဲ့ ရပ်ကွက်ကို ဖြတ်လမ်းသဘော ဝါးလေးလုံးနဲ့ သွယ်တန်းထားတဲ့တံတားရှိပြီး ဖြစ်စဉ်ဖြစ်တဲ့နေ့ မနက်ပိုင်းက အဲဒီတံတားပေါ်ကနေ အိမ်ဘက်ဆီကို ပြန်ဖြတ်အကူးမှာ ရေထဲပြုတ်ကျ မြောပါပျောက်ဆုံးခဲ့တာပါ။
“ကလေးတွေက ဆင်းရဲတယ်။ စစ်ဘေးရှောင်လာကြတာ။ အဘွားက လေဖြတ်နေတယ်။ မိဘတွေက တစ်နယ်တစ်ကျေး ငွေသွားရှာနေကြတယ်။ သူတို့နဲ့အတူမရှိဘူး။ အရင်လည်းဖြတ်နေကြပေမယ့် အဲဒီ့နေ့ကမှ ပြုတ်သွားတာ။ လေးရက်လောက် ကျွန်တော်တို့ နေ့နေ့ညည အလောင်းရှာတာပဲ။ ရှေ့ရက်တွေက မိုးကလည်း တောက်လျှောက်ရွာနေတယ်။ ချောင်းရေကလည်း တက်နေတော့ မတွေ့ဘူး။ ၂၉ ရက်နေ့ကမှ ရေကျတော့ အလောင်းပြန်တွေ့တယ်။ သူပြုတ်ကျတဲ့ နေရာနဲ့ လေးဖာလုံလောက်လှမ်းတဲ့နေရာက သစ်ပင်တစ်ပင်ရဲ့ အမြစ်ဆုံကြားမှာ ညပ်နေတာ”လို့ ရွှေညောင်ပရဟိတ ကွန်ယက်တာဝန်ရှိသူက MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ ကလေးငယ်က ဒုတိယတန်းတက်ရောက်ဖို့ ကျောင်းအပ်နှံထားသလို အဲ့ဒီဝါးတံတားကနေလည်း ရေနစ်မြောပါသေဆုံးသူ ကလေးငယ်နေထိုင်တဲ့ ဗဟိုစည်ရပ်ကွက်အတွင်းက လူတွေ အလွယ်တကူဖြတ်သန်းနေကြတာမို့ ကျောင်းဖွင့်ချိန် ကလေးတွေအခက်မတွေ့ရအောင် မလွယ်ပေါက်အနေနဲ့ ဖြတ်လမ်းလုပ်ထားတဲ့ တံတားပေမယ့် သေချာလေး ယာယီပြုပြင်ဆောင်ရွက်စေလိုကြောင်းလည်း လူမှူကူညီရေးအသင်းက အကြံပြုပါတယ်။


