၃၁.၅. ၂၀၂၅
Written by Hey Mar
အိုးဝေငှားစီးတဲ့ လင်မယားက ယာဉ်မောင်းကို ရိုက်နှက်ပြီး အိုးဝေလုယက်တဲ့ ဖြစ်စဉ် မနေ့က မေလ ၃၀ ရက်နေ့ မွန်းတည့်ချိန်မတိုင်ခင်မှာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အပိုင်ထဲမှာ ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာရဲတပ်ဖွဲ့က လေးနာရီအတွင်း တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။
ဖြစ်စဉ်က ပဲခူးသာယာဝတီဆေးရုံရှေ့မှာ ဂိတ်ထိုးထားပြီး အသက်လေးဆယ်ဝန်းကျင် အမျိုးသားမောင်းနှင်တဲ့ အိုးဝေတစ်စီးကို မိုးညိုဘက်လိုက်ပို့ဖို့ လင်မယားနှစ်ဦးက ငှားရမ်းခဲ့တာကြောင့် လိုက်ပါပို့ဆောင်စဉ် မင်းလှမြို့နဲ့ မိုးညိုမြို့ကြားရှိ အင်းဘုဏ်ကုန်ရွာနဲ့ ထန်းပင်းကုန်းရွာကြား လူပြတ်တဲ့ လမ်းပေါ်မှာ အဆိုပါငှားရမ်းသူ လင်မယားက ရိုက်နှက်လုယက်သွားလို့ အိုးဝေယာဉ်မောင်းမှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ ပြည်သူတွေနဲ့ တာဝန်ရှိသူတွေက လူနာကို မင်းလှမြို့ပြည်သူ့ဆေးရုံဆီ ပိုဆောင်ပေးရာ ဆေးရုံက သာယာဝတီဆေးရုံကြီးဆီ လွှဲပြောင်းခဲ့သလို သာယာဝတီဆေးရုံကလည်း ရရှိဒဏ်ရာ ပြင်းထန်တာကြောင့် ရန်ကုန်ဆေးရုံဆီ ထပ်မံလွှဲပြောင်းလို့ သာယာဝတီအခြေစိုက် အဖြူရောင် ပရဟိတအသင်းယာဉ်နဲ့ မနေ့က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့မြို့မှာ ဒီလို အလုခံရတာ ဒီ ငါးနှစ်အတွင်း ဒီဖြစ်စဉ်က ပထမဆုံးနဲ့ ထူးခြားဖြစ်စဉ်ပဲ။ တရားခံတွေလည်း တာဝန်သိပြည်သူနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး နေ့ချင်းဖမ်းမိတယ်။ ရွှေတောင်ဘက်မှာ အိုးဝေ တွေ့ထားတယ်။ မောင်းတတ်တဲ့ လူလိုက်ခဲ့ဖို့ခေါ်တော့ ကျွန်တော်တို့ ဂိတ်က ကလေးတွေ လိုက်ကူကြတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ရိုက်နှက်လုယက်ခံရတဲ့ အိုးဝေယာဉ်မောင်းက အခု လက်ရှိ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ တက်ရောက်ကုသနေပြီး လူနာရဲ့ အခြေအနေသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

