၃၁.၅.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုင်ငံခြားသူ ၁၄ ဦးပါဝင်တဲ့ အမျိုးသမီး ၁၅ ဦးကို ဆူခွန်ဗစ်ဧရိယာအတွင်း ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က မေလ ၂၇ ရက် ညနှောင်းပိုင်းအချိန်က ဖမ်းဆီးခဲ့တယ်လို့ မေလ ၂၉ ရက်သတင်းတွေကဖော်ပြခဲ့ပါတယ်။
အဆိုပါအမျိုးသမီး ၁၅ ဦးကို နာနားလမ်းသွယ်လို့လည်းသိကြတဲ့ ဆူခွန်ဗစ်လမ်းသွယ် ၄ မှာ ရဲတပ်ဖွဲ့ က မေလ ၂၇ ရက် ည ၁၀ နာရီခွဲအချိန်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ရာနေရာတစ်ခုဖြစ်တဲ့ ဘန်ကောက်မြို့ရဲ့ ဆူခွန်ဗစ် နယ်မြေအတွင်း ပြည့်တန်ဆာလုပ်ငန်းနဲ့ လူကုန်ကူးမှု လှုပ်ရှားမှုတွေကို ပစ်မှတ်ထားပြီး ထိုင်းရဲတပ်ဖွဲ့က ပြင်းထန်စွာ ဖြိုခွင်းနေပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တဲ့ အမျိုးသမီး ၁၅ ဦးမှာ ဗီယက်နမ်နိုင်ငံသူ ကိုးဦး၊ တန်ဇန်နီးယား နိုင်ငံမှ လေးဦး၊ ကင်ညာနိုင်ငံမှ တစ်ဦးနဲ့ ထိုင်းနိုင်ငံမှတစ်ဦးတို့ ပါဝင်ကြပြီး သူတို့ကို အများပြည်သူ အနှောင့်အယှက်ဖြစ်စေမှုနဲ့ ဦးစွာတရားစွဲခဲ့ပါတယ်။
နာနားလမ်းသွယ်က အရက်ဆိုင်တွေ၊စားသောက်ဆိုင်တွေ အလွန်များပြားပြီး ဘန်ကောက်မြို့ ညဘက်အခါမှာ အင်အတန် လူသိများ စည်ကားတဲ့နေရာလည်း ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က ဆူခွန်ဗစ်နယ်မြေအတွင်း ထိုင်းနဲ့ နိုင်ငံခြားသားအမျိုးသမီးတွေအပြင် လိင်ပြောင်းလဲထားသူတွေဟာ ပြည့်တန်ဆာလုပ်ငန်းအပါအဝင် လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်နေကြတယ်လို့ သံသယရှိနေပါတယ်။
Red- Bangkok Post
