MT News

Written by Nay Aung

ထိုင်းနိုင်ငံတွင်ကျောင်းတက်နေသော မြန်မာနိုင်ငံသားတစ်ဦးသည် ဇန်နဝါရီ ၂၆ရက်က Pathum Thani မြို့ရှိ အထပ်မြင့်အဆောက်အဦ ၅ လွှာမှ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံရှိ တက္ကသိုလ်တွင် ပထမနှစ်တက်ရောက်နေသော မြန်မာနိုင်ငံသား ဖြိုးကျော်ခိုင်ဆိုသူသည် ၅လွှာမှ ပြုတ်ကျမှုမဖြစ်ပွားခင် မိသားစုဝင်များ၊ မိတ်ဆွေများကို နှုတ်ဆက်ပြောဆိုခြင်းများလည်း ရှိနေခဲ့ရာ ၎င်းသေဆုံးမှုက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုဖြစ်ဖွယ်ရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့သည် အထပ်အဆောက်အဦ ၅ လွှာမှ လူတစ်ဦးပြုတ်ကျခဲ့သောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်စစ်ဆေးခဲ့ရာ အသက် ၁၉နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားကို လဲကျသေဆုံးလျက်တွေ့ရှိခဲ့ကာ ၎င်းမှာ တီရှပ်အဖြူရောင်နှင့် ဘောင်းဘီအရှည်ကို ဝတ်ဆင်ထားကြောင်း ထိုင်းနိုင်ငံ PathumThani ပြည်နယ် Pak Klong Rangsit ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိ ရဲမှူး Suwat Phoree ကပြောသည်။

ကနဦးစစ်ဆေးမှုများအရ ဖြိုးကျော်ခိုင်သည် ဦးခေါင်းခွံကွဲခဲ့သလို ခြေလက်များလည်းကျိူးနေခဲ့ကြောင်း၊ ၎င်း၏ပါးစပ်ထဲတွင် မြန်မာစာဖြင့်ရေးထားသော လက်ရေးမူကို တွေ့ရှိခဲ့ပြီး သက်သေများကို Thammasat တက္ကသိုလ်ဆေးရုံရှိ Institute of Forensic Science ဌာနသို့ ပေးပို့ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့သည် Pathum Thani ဒေသရှိ မြန်မာနိုင်ငံသား ငှားရမ်းနေထိုင်ခဲ့သော Ding အဆောက်အဦ၏ ၅ လွှာရှိ အခန်းကို စစ်ဆေးခဲ့ရာ ပစ္စည်းများ စနစ်တကျစီစဉ်ထားခြင်းမရှိသည့်ကို တွေ့ရှိရကြောင်း၊ အခန်း၏ နောက်ဘက် လသာဆောင်တွင် သေဆုံးသူဝတ်ဆင်ခဲ့သော ဖိနပ်ကိုတွေ့မြင်ခဲ့ရာ အခန်းအနောက်ဘက်ရှိလသာဆောင်ပေါ်မှ ခုန်ချသေဆုံးခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်း သိရသည်။

ဖြိုးကျော်ခိုင်သည် Rangsit University တက္ကသိုလ်တွင် တက်ရောက်နေသူဖြစ်ပြီး တက္ကသိုလ်တက်ရောက်ပြီးနောက် အဆိုပါအဆောက်အဦတွင် ၁လကျော်ကြာ ငှားရမ်းနေထိုင်ခဲ့ကြောင်း သိရသည်။ ဖြိုးကျော်ခိုင်သည် အထပ်မြင့်အဆောက်အဦ၏ ၅ လွှာမှ ပြုတ်ကျ၍ မသေဆုံးခင် နံနက်ပိုင်းတွင် မြန်မာနိုင်ငံရှိမိဘများ၊ ဆွေမျိုးများဖြင့် ဖုန်းခေါ်ခဲ့ကြောင်း၊ ၎င်းအနေဖြင့် မြန်မာနိုင်ငံနှင့် မိတ်ဆွေများကို နှုတ်ဆက်ခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ref- thairath

Leave a Reply

Your email address will not be published. Required fields are marked *