၃၀. ၅ .၂၀၂၅
Written by Thiri
ပဲခူးအရှေ့ခြမ်း၊ အုတ်တွင်းမြို့နယ်အပိုင်ထဲက ရိုးမအခြေမှာတည်ရှိတဲ့ ငလျင်ဘေးဒဏ်သင့် စာသင်ကျောင်းတွေမှာ အခုနှစ် ကျောင်းဖွင့်ရာသီအမီ ကျောင်းဆောင်၊ စာသင်ခုံမှအစ ကလေးတွေအတွက် ကျောင်းသုံးအခြေခံ လိုအပ်ချက်တွေကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးဘူးလို့ အဆိုပါကျေးရွာတွေဆီ သွားရောက်လှူဒါန်းခဲ့တဲ့ လူမှုကူညီရေးအသင်းတချို့ထံကနေ သိရပါတယ်။
ပဲခူးရိုးမအခြေ လက်ပံခုံကျေးရွာအုပ်စုထဲက တောက်တဲ့နဲ့ ယန်းသရားဆိုတဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေမှာ သင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတချို့လည်း ဒီနှစ်ကျောင်းဖွင့်ရာသီမှာတော့ လက်ပံခုံကျေးရွာရှိ အလယ်တန်းကျောင်းခွဲမှာ လာရောက်ပေါင်းစည်းသင်ကြားရနိုင်ပြီး လက်ပံခုံက ကျောင်းစာသင်ဆောင် အများစုကလည်း ငလျင်သင့်ခဲ့တာကြောင့် ကျောင်းဖွင့်အမီ ကျောင်းစာသင်ဆောင်တွေမပြီးသေးလို့ နေအိမ်တချို့နဲ့ ဘုန်းကြီးကျောင်းမှာ စာသင်ခန်း ဖွင့်လှစ်သင်ကြားရမှာဖြစ်သလို နေရာအခက်အခဲအရ နှစ်ချိန်ကျောင်းအဖြစ် ဖွင့်လှစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါကျောင်းတွေဆီ ကျောင်းဖွင့်ရာသီအမီ သွားရောက်လှူဒါန်းခဲ့တဲ့ လင်းလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ရိုးပေါ်က ကရင်လူမျိုးနဲ့ ဘာသာခြားတွေများလို့ ဘုန်းကြီးကျောင်းကို လိုက်မသင်နိုင်တဲ့ ကလေးတွေအတွက် အိမ်တွေမှာ ဖွင့်ရမှာ။ ဆရာ၊ ဆရာမတွေကတော့ ရင်ခွင်ပိုက်နဲ့ မူလတန်းအဆင့်တွေကို သူတို့အနီးအနားမှာပဲ ထားချင်တော့ အတန်းကြီးတွေ ရွာထဲက အိမ်တွေမှာ ဖွင့်မယ်ပေါ့။ ယာယီ အဲဒီလို စီစဉ်နေကြတယ်”လို့ MT News ကို ပြောပါတယ်။
မူလ ငလျင်သင့်တဲ့ ကျောင်းနေရာမှာ ကျောင်းဆောင် ပြန်လည်တည်ဆောက်လို့မရဘဲ နေရာအစားထိုးပြီး တခြားနေရာမှာ ပြန်လည်တည်ဆောက်ရမှာလို့ သိရပါတယ်။ လက်ရှိ ယာယီဆောင် ဆောက်လုပ်နေတာကလည်း ကျောင်းဖွင့်အမီ မပြီးနိုင်တဲ့အတွက် အခုလို ရွာထဲက အကောင်းတိုင်းကျန်တဲ့ အိမ်တွေမှာ ရပ်မိရပ်ဖတွေက စီစဉ်တာလို့လည်း သိရပါတယ်။
“ဆရာမတစ်ယောက်ဆို ကျောင်းဆောင်ဖျက်တဲ့ ပစ္စည်းတွေ အဆောင်အစားထိုးဆောက်ဖို့ ယူသုံးမိလို့ ဖြေရှင်းရတယ်။ ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရဘူးပေါ့။ ပြည်သူပိုင်ပစ္စည်းဆိုတော့လေ။ အစိုးရဆီကို အဆင့်ဆင့် အပျက်အစီးစာရင်းတင်ပြီး ပြန်တောင်းရမှာပေါ့။ အခု နယ်မြေခံ ပရဟိတအသင်းတွေနဲ့ ကျွန်မတို့ အသင်းကလည်း တတ်နိုင်တဲ့ ပမာဏနဲ့ အဆောက်အဦ ယာယီလေးပေါ့။ တည်ဆောက်ပေးဖို့ ကြိုးစားနေတယ်။ အစိုးရပိုင်းက မလာခင်လေးပေါ့။ ယာယီ မိုးတွင်းမှာ အဆင်ပြေအောင်ပဲ”လို့ လင်းလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါ ငလျင်ဘေးနဲ့ စစ်ဘေးသင့်နေတဲ့ ကျေးရွာတချို့က ကျောင်းတွေမှာ အခု ပညာသင်နှစ်မှာ တက်ရောက်မယ့်လူဦးရေက မူလတန်းကနေ အလယ်တန်းအဆင့်ကို ၃၅၀ ဦး လောက်ရှိပြီး ကျောင်းသုံးပစ္စည်း စာအုပ်စာတမ်းတွေနဲ့ ကျောင်းဝတ်စုံစတာတွေလည်း ကလေးတွေအတွက် လိုအပ်နေပြီး၊ စာသင်ကျောင်းအတွက်ကလည်း စာသင်ခုံ၊ တာပေါ်လင်စ၊ ရေ (သောက်ရေ၊ သုံးရေ ) စတာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။










