
၃၀. ၅. ၂၀၂၅
Translated by Thettant
ပြီးခဲ့သည့် ကြာသပတေးနေ့ညက လိုက်ဘေးရီးယားနိုင်ငံ၏ အဓိကလေဆိပ်ဖြစ်သော Roberts International Airport တွင် သမ္မတ ဂျိုးဇက် ဘိုကာကီလိုက်ပါလာသော ကိုယ်ပိုင်ဂျက်လေယာဉ် ဆင်းသက်စဉ် ပျက်ကျလုနီးပါး ဖြစ်ပွားခဲ့ပြီးနောက် လေကြောင်းခရီးစဉ်များကို ခေတ္တရပ်ဆိုင်းခဲ့ရသည်။
သမ္မတ၏ ဂျက်လေယာဉ်က ဆင်းသက်စဉ် ဂီယာ တစ်စိတ်တစ်ပိုင်း ချွတ်ယွင်းသွားခဲ့ကြောင်း လေဆိပ်အာဏာပိုင်များက ပြောကြားခဲ့သလို လေဆိပ်တွင် ထိတ်လန့်မှုများ ဖြစ်ပွားစေခဲ့သည့် အဆိုပါ ဖြစ်ရပ်ကြောင့် ထိုညအတွက် စီစဉ်ထားသော လေကြောင်းခရီးစဉ်များအားလုံး ဖျက်သိမ်းခဲ့ရကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါဖြစ်ရပ်တွင် နိုင်ဂျီးရီးယားခရီးစဉ်မှ အစိုးရအဖွဲ့ဝင်များနှင့်အတူ ပြန်လာသော သမ္မတ၏ ဂျက်လေယာဉ် မတော်တဆဖြစ်မှုကို အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု ကြေညာခဲ့သော်လည်း သမ္မတကိုမူ အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောခဲ့သည်။
သို့သော် Roberts International Airport (RIA) တွင် ရပ်တန့်နေသော သမ္မတ၏ ကိုယ်ပိုင်ဂျက်လေယာဉ်ဓာတ်ပုံများ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့ပြီးနောက် သမ္မတ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် ဒေသခံမီဒီယာများကလည်း လေဆိပ်အာဏာပိုင်များကို ကိုးကား၍ လေယာဉ်ဘီးများအနက် တစ်ခု ပေါက်ကွဲသွားခဲ့ပြီး လေယာဉ်ပြေးလမ်းပေါ်တွင် ရပ်တန့်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။
Liberia Airport Authority (LAA) က ထုတ်ပြန်ချက်တစ်ခုတွင် သမ္မတဂျက်လေယာဉ်နှင့် ပတ်သက်သည့် “ကံမကောင်းစွာဖြင့် မတော်တဆဖြစ်လုနီးပါး အခြေအနေ” ကို အတည်ပြုခဲ့သော်လည်း အဆိုပါဖြစ်ရပ်သည် လေယာဉ်ပြေးလမ်း အခြေအနေ မကောင်းခြင်းကြောင့် ဖြစ်သည်ဟု ဖော်ပြသည့် သတင်းများကို ပယ်ချခဲ့သည်။
“လေယာဉ်ပြေးလမ်း အခြေခံအဆောက်အအုံသည် နိုင်ငံတကာ လေကြောင်းဘေးကင်းရေး စံနှုန်းများနှင့် အပြည့်အဝ ကိုက်ညီဆဲဖြစ်သည်” ဟု LAA က ပြောကြားခဲ့သည်။

ယခုအချိန်တွင်မူ ပျက်ကျလုနီးပါးဖြစ်ခဲ့သည့်လေယာဉ်ကို လေယာဉ်ပြေးလမ်းမှ ဖယ်ရှားပြီးဖြစ်ပြီး လေဆိပ်တွင် ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
“ဒီအဆင့်မှာ ဖြစ်ရပ်ရဲ့ အမှန်တကယ် အကြောင်းအရင်းကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး လေဆိပ်အာဏာပိုင်တွေက အများပြည်သူကို ဆက်လက် အသိပေးသွားမှာပါ” ဟု LAA က ပြောကြားခဲ့သည်။
လိုက်ဘေးရီးယားသမ္မတရုံးက ထိုဖြစ်ရပ်နှင့် ပတ်သက်၍ မှတ်ချက်မပေးသေးသော်လည်း ဘိုကာကီ လေဆိပ်သို့ ရောက်ရှိလာသည့် ဓာတ်ပုံများကို မျှဝေခဲ့သလို ထိုဓာတ်ပုံများတွင် ဘိုကာကီသည် လေယာဉ်ပျံသန်းမှုအန္တရာယ်အကြောင်း မဖော်ပြဘဲ သတင်းထောက်များနှင့် ခဏတာ စကားပြောဆိုခဲ့သည်။
သမ္မတဘိုကာကီသည် ဒေသတွင်း အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း (Ecowas) ၏ နှစ် ၅၀ ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ရန် နိုင်ဂျီးရီးယားသို့ သွားရောက်ခဲ့သည့် ခရီးစဉ်မှ အပြန်တွင် အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
Ref , BBC
