
၃၀.၅.၂၀၂၅
Translated by Htwe Ko Tun
ဆွစ်ဇာလန်နိုင်ငံ၊ အက်လ်ပ်တောင်တန်းဒေသအတွင်း Bietschhorn တောင်ခြေချိုင့်ဝှမ်းရှိ Blatten ရွာမှာ တောင်ပေါ်ရှိကြီးမားလှတဲ့ Birch ရေခဲမြစ်ပြိုကျခဲ့မှုကြောင့် မြေပြိုမှုတစ်ရပ်အတွင်း မေလ ၂၈ ရက်က တစ်ရွာလုံးရေခဲပြင်တွေနဲ့ မြေအောက်ဖုံးလွှမ်းခံခဲ့ရပါတယ်။ ဒေသတွင်းမြစ်တစ်ခုမှာလည်း ဆက်လက်မစီးနိုင်ဘဲ ပိတ်ဆို့ခံထားရကာ အခုအခါမှာတော့ ရေကန်ကြီးတစ်ခုသဖွယ်ဖြစ်ပြီး ကျန်ရှိနေသေးတဲ့ အဆောက်အအုံတွေလည်း ရေဖုံးလွှမ်းခံနေရတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Birch ရေခဲမြစ်ပြိုကျမှုနဲ့အတူ သူ့ရဲ့လမ်းကြောင်းတစ်လျှောက် တိုက်စားသွားခဲ့ရာမှာ ဆွစ်ဇာလန်နိုင်ငံ၊ အက်လ်ပ် တောင်တန်း ဒေသက Blatten ကျေးရွာလေးမှာ အစပျောက်သွားခဲ့ရပါတယ်။
သိပ္ပံပညာရှင်တွေကလည်း ဒီလို ကပ်ဆိုးတွေဖြစ်လာနိုင်တာ အရင်ထဲက ခန့်မှန်းထားခဲ့ကြပါတယ်။ အာဏာပိုင်တွေက ဗာလေ့စ် ဒေသအတွင်းမှာဆိုရင် လူ ၃၀၀ လောက်ရှိတဲ့ရွာလေးတစ်ရွာကို ကယ်ဆယ်မှုပြုပြီး ဆွစ်ဇာလန်တောင်ပိုင်း ဘန်းမြို့ကို လူတွေတင်မက သိုးတွေ၊ နွားတွေကိုပါ ရဟတ်ယာဉ်နဲ့ပို့ပေးခဲ့တာပါ။
ဘူမိဗေဒနဲ့ ရေခဲမြစ်တွေဆိုင်ရာ ပညာရှင် ခရစ်စတိုဖီ လမ်ဘီလ်က “ဘယ်လိုဖြစ်ခဲ့တဲ့ဆိုတာ ပြန်ပြီးတော့တောင် မတွေးနိုင်လောက်အောင်ပါပဲ။ အဆိုးဝါးဆုံးသဘာဝဘေးအန္တရာယ်ကြီးပါပဲ”လို့ပြောခဲ့ပါတယ်။ လမ်ဘီလ်က မကြာခဏဆိုသလို တောင်မျက်နှာပြင်ကကျောက်တုံးတွေ ရေခဲမြစ်ပေါ်ကျနေတာကြောင့်လည်း သိပ္ပံပညာရှင်တွေက တစ်ခုခုတော့ဖြစ်နိုင်တယ်လို့ တွက်ဆထားကြတာ။ ဒါပေမယ့် ခုလို ရေခဲမြစ်ကြီးလုံးဝပြိုကျသွားမယ်လို့တော့ ခန့်မှန်းမထားကြဘူးလို့ ဆက်ပြောခဲ့ပါတယ်။
မေလ ၂၉ ရက် ထုတ်ပြန်တဲ့သတင်းတွေမှာတော့ Birch ရေခဲမြစ် ပြိုကျမှုက Blatten ကျေးရွာကို ရေခဲနဲ့ ကျောက်တုံးတွေထူထပ်စွာကျလာခဲ့ပြီး ချိုင့်ဝှမ်းအတွင်း တစ်မိုင်ခန့်ရှည်အောင်ဖုံးလွှမ်းသွားတာကြောင့် ထိခိုက်ပျက်စီးမှုမှာ အတော်ပဲကြီးမားတယ်လို့ ဆိုကြပါတယ်။ ဒီဖြစ်စဥ်ကို ကြိုတင်ခန့်မှန်ထားတာကြောင့် ဒေသခံတွေရွှေ့ပြောင်းထားပေမဲ့ လူတစ်ဦး ပျောက်ဆုံးနေဆဲပါ။ အလားတူ မြစ်အောက်ပိုင်းက Kippel နဲ့ Willer ကျေးရွာနှစ်ခုက ဒေသခံတွေကိုလည်း ရွှေ့ပြောင်းထားသလို ရေခဲမြစ်ပြိုကျမှုကြောင့် ရေကြီးနှုန်းဟာ တစ်နာရီ ၂ ပေခွဲ မြင့်တက်လာနေလို့လည်း Kippel နဲ့ Willer ကျေးရွာတွေဟာလည်း Blatten ကျေးရွာလို အစပျောက်သွားမှာ စိုးရိမ်နေကြပါတယ်။
Ref- NPR & Mail Online






