
◾️ အပစ်အခတ် တိုက်ခိုက်မှုများကို ချက်ချင်းရပ်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများရှိ၍သာ အစိုးရအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို တိုင်းသိပြည်သိ ကြေညာခြင်းဖြစ်ဟုပါ သုံးသပ်ပြောကြား
၃၀. ၅. ၂၀၂၅
Written by Nyein Kyaw
USDP ပါတီတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ကိုယ်စားလှယ်လောင်းအင်အား အပြည့်ရှိကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်ထွက်ရှိလာပါက ပြည်သူလုထု လက်ခံ/ထောက်ခံမှု ရှိ/မရှိ ဆွေးနွေးပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
“ကိုယ်စားလှယ်ကတော့ ကျွန်တော်တို့ အခုပေါ့။ ရွေးကောက်ပွဲကော်မရှင်က အမိန့်မထွက်လာသေးဘူး။ မဲဆန္ဒနယ်မြေ ထွက်မလာသေးဘူး။ ကျွန်တော်တို့ကတော့ မပူနဲ့ ကျွန်တော်တို့မှာ အင်အားအပြည့်ရှိတယ်။ ပိုတောင်မှ ပိုနေသေးတယ်။ အခုလောလောဆယ် ကိုယ်စားလှယ်အရည်အချင်း သတ်မှတ်ချက်တွေကလည်း ထွက်မလာသေးဘူး။ ထွက်မလာသေးတော့ ကျွန်တော်တို့က အရင်ဟာလေးကိုပဲကြည့်ပြီးတော့ ဥပမာ မဲနယ်တစ်ခုမှာ လေးယောက်၊ ငါးယောက် ရံထား ပထမ၊ ဒုတိယ၊ စတုတ္ထရယ်လို့ မင်းတို့ မသတ်မှတ်နဲ့ ရံထား။ အဲဒီစာရင်းလည်း တို့တွေကိုပေး။ တို့က တတိယပွဲတစ်ခုနဲ့ လူထုလက်ခံ၊ ထောက်ခံမှု ရှိ/မရှိ ဆွေးနွေးမယ်လေ။ ပြီးတော့မှ ဆုံးဖြတ်မယ်။ ဒီလိုပြောထားတာ။ ကျွန်တော်တို့မှာတော့ ကိုယ်စားလှယ် အပြည့်ရှိပါတယ်” ဟု ဦးခင်ရီက ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထုတ်ပြန်သည့် မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်လားဟု မေးမြန်းမှုအပေါ် ဦးခင်ရီက “ရာနှုန်းပြည့်ကို ပြိုင်မှာ မဲဆန္ဒနယ်မြေရှိသလောက်ကို ရာနှုန်းပြည့်ပြိုင်မှာ” ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်အား မေးမြန်းရာတွင်လည်း လက်ရှိနိုင်ငံတော်ဝာာဝန်ယူထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အပစ်အခတ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများရှိသလို ယင်းကဲ့သို့ ဆောင်ရွက်နိုင်မှုရှိ၍ ရွေးကောက်ပွဲ ပြုလုပ်မည့်အချိန်အား တိုင်းသိပြည်သိ အတိအလင်းကြေညာခဲ့ခြင်းဖြစ်ကြောင်း ဦးခင်ရီက သုံးသပ်ပြောကြားသည်။
“လုံခြုံရေးကတော့ အဓိကတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေက ဆောင်ရွက်နေတာပါဗျာ။ တကယ်တော့ နိုင်ငံတော် လုံခြုံရေးတို့၊ ကာကွယ်ရေးတို့ဆိုတာက ကြွေတစ်လှည့် ကြက်တစ်ခုန်ပဲ။ အခုချက်ချင်း ပစ်သံခတ်သံတွေ ရပ်သွားအောင် လုပ်နိုင်တဲ့နည်းတွေလည်းရှိတာပေါ့။ နိုင်ငံတော်မှာရှိမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ အခုချက်ချင်း သေနတ်သံဖောက်အောင် လုပ်လို့လည်းရတာပဲ။ ဒါကြောင့်မို့ နိုင်ငံတော်ကလည်း ရဲရဲတင်းတင်း တိုင်းသိ၊ ပြည်သိ ဒီကာလမှာလုပ်မယ်လို့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ကတော့ လုံခြုံရေးအရတော့ ကိုယ့်လုံခြုံရေးကိုယ်ပေါ့ဗျာ။ ဂရုတစိုက်သွားတာကလွဲလို့ ကျန်တာမရှိပါဘူး။ တချို့သွားတဲ့လာတဲ့နေရာတွေမှာဆို သိတာရှိတယ်။ မသိတာရှိတယ်။ သွားနေတာကတော့ တောက်လျှောက် ကျွန်တော်တို့ သွားနေတာ” ဟု ဦးခင်ရီက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ် နှစ်အကုန်တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတကာသို့ အသိပေးပြီးဖြစ်သလို နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်အားလုံးကလည်း အားပေးထောက်ခံမှုရရှိခဲ့ကြောင်း ရုရှားနိုင်ငံခရီးစဉ်မှအပြန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မီဒီယာများသို့ ဖြေကြားထားသည်။
ထို့ပြင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က အမာခံအနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မေလ ၂၃ ရက်တွင် တြိဂံတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ် SAC ဥက္ကဋ္ဌ ပြောကြားထားသည်။