◾️ MSME လုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှကျန်ရှိ ကျပ် ၂၂၆ ဘီလျံကိုလည်း ဆက်လက်ထုတ်ချေးပေးမည်ဟုပါ ပြောကြား
၃၀. ၅. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်သင့်ဒေသများရှိ အရင်းနှီးလိုအပ်သူများအတွက် အတိုးနှုန်းအနည်းဆုံးဖြင့် ကျပ်ဘီလျံ ၇၀၀ အထိ ထုတ်ချေးပေးရန် လျာထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
“ငလျင်ဒဏ်သင့်တဲ့ ဒေသတွေများအတွက် ချေးငွေအတွက် ဘီလျံ ၇၀၀ ကျွန်တော်တို့ ဖယ်ထားတာရှိပါတယ်။ မူလက ကျွန်တော့်ကို ၃၀၀ နဲ့ စပြီး တင်ပြပါတယ်။ နောက်တော့ ၅၀၀ အထိ ခွင့်ပြုပေးပါတယ်။ အခု ၇၀၀ အထိ ကျွန်တော်တို့ သုံးနိုင်ပြီဖြစ်ပါတယ်။ ကျွန်တော်ပေးပါမယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့သူတွေကို ထုတ်ပေးပါမယ်။ ဒါကတော့ ငလျင်ဒဏ်နဲ့ ပတ်သက်တဲ့ဟာပါ” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ ချေးငွေများကို ထုတ်ချေးပေးရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအမျိုးအစားနှင့် စီးပွားရေးလုပ်ငန်းအမျိုးအစားဟူ၍ နှစ်မျိုးခွဲခြားထုတ်ချေးပေးသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အတိုးနှုန်း တစ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ရာခိုင်နှုန်းဖြင့် ထုတ်ချေးရန် ဆွေးနွေးလျက်ရှိသည်။
“အတိုးတွေတွက်တဲ့အခါကျတော့လည်း ကျွန်တော် နှစ်မျိုးခွဲခြားပြီးပြောပြပါတယ်။ တစ်ခုကတော့ ဖွံ့ဖြိုးမှုနဲ့ပတ်သက်တာတစ်ခုရှိပါတယ်။ နောက်တစ်ခုက စီးပွားရေးနဲ့ ပတ်သက်တာတစ်ခုရှိပါတယ်။ ဖွံ့ဖြိုးမှုကတော့ဗျာ။ ခင်ဗျားတို့ အတိုးတအားကြီးများလို့တော့မရဘူး။ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းလောက်နဲ့ လုပ်ဖို့လိုတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
နံပါတ်နှစ်အနေဖြင့် စီးပွားရေးလုပ်ငန်းများအတွက်ကိုမူ ငလျင်ဒဏ်သင့်ဒေသတွင် ရင်းနှီးမြှုပ်နှံမှုအတွက် အတိုးနှုန်းပုံစံတစ်မျိုးနှင့် ပုံမှန်စီးပွားရေးလုပ်ငန်များအတွက် အတိုးနှုန်းပုံစံတစ်မျိုးဖြင့် စဉ်းစားဆောင်ရွက်နေပြီး အတိုးနှုန်းအားလုံးကို သက်သာသောအတိုးနှုန်းဖြစ်စေရန်အတွက်လည်း SAC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
“ကျွန်တော့်သဘောဆိုရင် အတိုးနည်းနည်းပေးစေချင်တာပေါ့။ ဒါပေမဲ့လည်း တွက်တဲ့ချက်တဲ့အခါမှာ ပေသီးတွေ တော်တော်ခေါက်ကြတဲ့အခါကျတော့ ကျွန်တော်တို့လည်း ဒီဟာကို တော်တော်တွက်ရပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် MSME လုပ်ငန်းများတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးပေးမှုတွင် ကျပ် ၂၆၆ ဘီလျံကျန်ရှိနေသေးပြီး အဆိုပါ လက်ကျန်ချေးငွေများကိုလည်း ဆီစက်၊ ဆန်စက်၊ စက်ရုံ၊ အလုပ်ရုံများသို့ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီ ၂၂၆ ဘီလျံကို ထုတ်ပေးချင်ပါတယ်။ ဆီစက်တွေအပါအဝင် ဆန်စက်၊ စက်ရုံ၊ အလုပ်ရုံ အားလုံးကို ဒီနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ ပေးချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ထည့်သွင်းဆွေးနွေးသွားဖို့ ကျွန်တော်ပြောလိုပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနား မစတင်မီ ငလျင်ဒဏ်သင့်ပြည်သူများအတွက် SAC ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူအားလုံးက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။




