၃၀.၅.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ VOA သတင်းဌာနမှာဆက်လက်ကျန်ရှိနေတဲ့ ဝန်ထမ်းတွေအနေနဲ့ ဒီအပတ်အတွင်းမှာပဲ တာဝန်မှရပ်ဆိုင်းတယ်လို့ သတိပေးစာတွေကို လက်ခံရရှိလိမ့်မှာဖြစ်တယ်လို့ မျှော်လင့်ရတယ်လို့ မေလ ၂၉ ရက် သတင်းတစ်ပုဒ်က ဆိုပါတယ်။ ဒါက နှစ်ပေါင်း ၈၀ ကျော်ကမ္ဘာတစ်ဝန်းက ပရိသတ်တွေကို သတင်းနဲ့ အချက်အလက်တွေဖြန့်ဝေလာတဲ့ နိုင်ငံတကာသတင်းဌာနကြီးရဲ့လုပ်ငန်းတွေကို ထိထိရောက်ရောက်ရပ်ဆိုင်းလိုက်တာပဲဖြစ်တယ်လို့ ဆိုကြပါတယ်။
Politico မီဒီယာကုမ္ပဏီက ဌာနတွင်းဆွေးနွေးချက်တွေနဲ့ တရင်းတနှီးရှိကြတဲ့ VOA ဝန်ထမ်းလေးဦးရဲ့ ပြောကြားချက်တွေကို ကိုးကားပြီးသတင်းဖော်ပြခဲ့ရာမှာ မေလဆန်းပိုင်းက ကန်ထရိုက်တာ ၆၀၀ လောက်ကို တာဝန်မှရပ်ဆိုင်းခဲ့ပြီးတဲ့နောက် VOA ရဲ့ ကျန်ရှိနေတဲ့ ဝန်ထမ်း ၈၀၀ လောက်အတွက်လည်း အင်အားလျှော့ချမယ့်သတိပေးချက်တွေ ထွက်ပေါ်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။
VOA ရဲ့အဆင့်မြင့်ဝန်ထမ်းတစ်ဦးက VOA ဝန်ထမ်းတွေနဲ့ ပြောကြားချက်တွေကို အခြေခံပြီး VOA ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ကမ္ဘာ့မီဒီယာ (USAGM) မှာ ပြောခဲ့ရာမှာ တာဝန်မှရပ်ဆိုင်းကြောင်း သတိပေးချက်တွေက သတင်းဌာနရဲ့ ကွန်ရက်ကြီးတစ်ခုလုံးကို ထိရောက်စွာရပ်တန့် ပြီး ဝန်ထမ်းအားလုံးကို သက်ရောက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဒီဆောင်ရွက်ချက်က VOA ကို တည်ဆဲဥပဒေနဲ့အညီ အမြင့်ဆုံးအတိုင်းအတာအထိ ဖယ်ရှားဖို့ USAGM ကို သမ္မတထရန့်ရဲ့ ညွှန်ကြားခဲ့တဲ့အမှုဆောင်အမိန့်က မတ်လ ၁၅ ရက်မှာ ထွက်ရှိခဲ့ပြီးနောက် ဆက်လက်ဆောင်ရွက်တာဖြစ်ပါတယ်။ ထရန့်က VOA သတင်းကွန်ရက်ရဲ့ ထုတ်လွှင့်မှုတွေကတစ်ဖက်သတ် ဘက်လိုက်မှုတွေရှိတယ်လို့ပြောခဲ့ပြီး Voice of Radical America လို့ ပြောခဲ့ပါတယ်။
USAGM၊ အိမ်ဖြူတော်နဲ့ DOGE တို့ကတော့ သတင်းအပေါ် တစ်စုံတစ်ရာဝေဖန်ပြောကြားမှု မရှိကြပါဘူး။
VOA သတင်းစာဆရာတွေက ခုလိုတာဝန်မှရပ်ဆိုင်းမှုတွေကို တရားရုံးမှာ ရင်ဆိုင်ဖို့စိန်ခေါ်ခဲ့ကြပါတယ်။ ဒါပေမယ့် အယူခံရုံးက ပြီးခဲ့တဲ့ရက်သတ္တပတ်က အစိုးရရဲ့ဆောင်ရွက်မှာတွေကိုပိတ်ပင်ခြင်းမပြုခဲ့ပါဘူး။
Ref- Anadolu Ajansi
