၃၀.၅.၂၀၂၅
Written by Hey Mar
ကျောက်ကပ်ဝေဒနာ ပြင်းထန်စွာခံစားနေတဲ့ အခြေအနေမျိုးနဲ့ အသက်ခြောက်ဆယ်ကျော်အမျိုးသမီးကြီးတစ်ဦး မိုးရေထဲနေထိုင်တာကို အမြင်မတော်တဲ့ လူမှုကူညီရေးဝန်ထမ်းတွေက သွားရောက်ခေါ်ဆောင်ပေမယ့် မလိုက်လိုဘူးဆိုကာ နေရာရွှေ့မရဘဲ ပဲခူးမြို့ ရွှေသာလျောင်းသွားတဲ့ လမ်းမတန်း၊ လေးမျက်နှာကွေ့ လမ်းမပေါ်မှာ နေထိုင်နေတာ ရက်အတော်ကြာနေပြီလို့ ဆိုပါတယ်။
အဆိုပါ အိမ်ခြေမဲ့ အမျိူသမီးကြီးက ဒေါ်အေးအေးမော်လို့ သိရပြီး အရင်က ကမ္ဘာကျော် အကြော်စုံလုပ်ငန်းရဲ့သမီးတစ်ဦးလို့လည်း ဆိုပါတယ်။ ကျောင်းဆရာမတစ်ဦးလည်းဖြစ်ခဲ့သူ ဒေါ်အေးအေးမော်က မိဘပိုင်နေအိမ်ရောင်းချပြီးနောက်ပိုင်း အမျိုးအဆွေတွေကလည်း ဆက်လက်မစောင့်ရှောက်တော့လို့ လမ်းဘေးမှာ ထီးတစ်ချောင်းနဲ့ နေထိုင်တဲ့ အိမ်ခြေမဲ့ ဘဝရောက်နေတယ်လို့ သွားရောက်ကူညီတဲ့ ပရဟိတ သွေးလှူရှင်အသင်းမှ တာဝန်ရှိသူကပြောပြပါတယ်။
ရင်တွင်းမေတ္တာ အခမဲ့သွေးလှူရှင်များအသင်းမှ တာဝန်ရှိသူက “အမေကြီးက ခေါင်းအတော်မာတယ်။ ကျွန်တော်တို့ ဆေးရုံတင်ပေးဖို့ အကြိမ်ကြိမ်ဖျောင်းဖျခေါ်ဆောင်ပေမယ့် မရဘူး။ မိုးရေထဲနေတာမို့ မိုးလေလွတ်ရာ ရွှေ့ပေးမယ်ဆိုလည်းမရဘူး။ အမိုးအကာတော့ ကျွန်တော်တို့ သူနေတဲ့နေရာမှာ လုပ်ပေးလို့မရပါဘူး။ စည်ပင်မြေမို့ပါ။ မြို့မျက်နှာစာလည်းဖြစ်နတယ်။ ဘဝကို အရှုံးပေးချင်နေလို့ လုပ်နေသလားတောင်မှတ်ရတယ်။ သူနဲ့ မတည့်တဲ့အစားအသောက်တွေပဲ တောင်းဆိုပြီး ဆေးကုသခံဖို့ ငြင်းနေပါတယ်” လို့ MT News ကို မြေပြင်အကူအညီပေးရာမှာ ကြုံတွေ့ရတဲ့အခြေအနေတချို့ကို ပြောပြပါတယ်။
အဆိုပါ ဒေါ်အေးအေးမော်မှာ သမီးတစ်ဦးလည်းရှိပြီးပရဟိတ အသင်းက ဒေါ်အေးအေးမော်ရဲ့ အခြေအနေကို အင်တာနက်စာမျက်နှာပေါ် တင်လိုက်တဲ့အခါ ဆက်သွယ်လာတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ မြဝတီမြို့မှာ ရောက်ရှိနေထိုင် အလုပ် လုပ်ကိုင်နေလို့ ပြန်လာလို့မရကြောင်းနဲ့ အခြေအနေတချို့ကို မေးမြန်းပြီး အခုနောက်ပိုင်းမှာတော့ အဆက်အသွယ်မရရှိတော့ပြန်ဘူးလို့ ဆိုပါတယ်။
“ဆေးရုံကနေလည်း နှစ်ခါရှိပြီ ပြန်ဆင်းလာပြီး ဒီနားပဲ ပြန်ရောက်လာတယ်လို့ ဘေးပတ်ဝန်းကျင်ကလည်း ပြောတယ်။ မိုးရေတွေ စိုရွှဲနေလို့ အဝတ်အစားလဲပေးလည်း လက်မခံဘူး။ အခုတော့ ဖောတာ ရောင်တာတွေက ပိုဆိုးလာနေတယ်။ သက်ဆိုင်ရာက ကူညီရင်တော့ ပိုကောင်းမယ်။ ကျွန်တော်တို့က ချော့မော့ သိမ်းသွင်းခေါ်ယူလို့ပဲရမှာ။ အတင်းအကျပ်လုပ်လို့ ကိုယ့်လက်ထဲ တစ်ခုခုဖြစ်သွားရင် အမှုပတ်မှာပါ” လို့ ရင်တွင်းမေတ္တာ အခမဲ့သွေးအလှူရှင်များအဖွဲ့ တာဝန်ရှိသူက ကူညီစောင့်ရှောက်ပေးရာမှာ ကြုံရတဲ့ အခက်အခဲကို ပြောပါတယ်။
