
၂၆. ၅. ၂၀၂၅
Written by Thettant
ယမန်နေ့ မေလ၂၅ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ မော်တော်ယာဉ် တစ်စီး လမ်းချော်၍ အရှိန်မထိန်းနိုင်ဘဲ တံတားအောက်သို့ ပြုတ်ကျခဲ့သောကြောင့် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၅ ရက် ည ၉ နာရီ ၂၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃၉ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြားရှိ လေးကတံတား၌ မော်တော်ယာဉ်တစ်စီး တံတားအောက်သို့ ပြုတ်ကျတိမ်းမှောက်နေကြောင်း သတင်းအရ ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ မန္တလေးမှ ရန်ကုန်သို့ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာနေ ဦးလှမိုး(၅၁)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးငြိမ်းမောင်(၄၈)နှစ် လိုက်ပါလာသည့် NPW-3/5C … KIA SPORTAGE မော်တော်ယာဉ်မှာ အခင်းဖြစ်နေရာအရောက် လမ်းချော်၍ အရှိန်မထိန်းနိုင်ဘဲ တံတားပေါင်အား တိုက်မိကာ တံတားအောက်သို့ ပြုတ်ကျတိမ်းမှောက်ခဲ့သဖြင့် ဦးလှမိုးနှင့် ဦးငြိမ်းမောင်တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်ကြောင့် ယာဥ်မောင်း ဦးလှမိုးအား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းက ယာဉ် (ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
